25 C
Yangon

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက် အင်ကြင်းကျောက်ဘုရား ထုလုပ်နေသော ယုံထောင်တောရ ဆရာတော် ဦးတေဇနိယျ မီးရှို့ သတ်ဖြတ်ခံရ၊ ကပ္ပိယကိုပါ သတ်ဖြတ်သွား

Must read

ရန်ကုန်၊ မတ် ၂၇

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျွဲကန်ရွာ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာတွင် တောရကျင့်နေထိုင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက် အင်ကြင်းကျောက် ဘုရားဆင်းတုတော် ထုလုပ်နေသော ယုံထောင်တောရ ဆရာတော် အရှင် ဦးတေဇနိယျ မတ်လ ၂၅ ရက်နေ့ ညပိုင်းတွင် မီးရှို့ သတ်ဖြတ်ခံရကာ ကပ္ပိယကိုပါ သတ်ဖြတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ ညအချိန်တွင် ဆရာတော်နှင့် ကပ္ပိယကို လူတစ်စုက လာရောက် ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်သွားကြောင်း၊ နံနက်ပိုင်း ဆွမ်းကပ်ရန်လာသော ဒကာက ကျောင်းရောက်သောအခါမှ ဆရာတော်နှင့် ကပ္ပိယ အသတ်ခံရသည်ကို တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနက်အရုဏ်ဆွမ်းသွားပို့တော့မှ ဆရာတော်ကို မီးရှို့သတ်ဖြတ်ထားတယ်။ လက်နှစ်ဖက်ကို လက် ပြန်ကြိုး တုပ်ထားတယ်။ မီးကျွမ်းနေတဲ့ အလောင်းနားမှာ ဓားတစ်ချောင်းတွေ့ရတယ်။ ကပ္ပိယကိုလည်း သတ်ထားတယ်။ သာသနာကားတွေကိုလည်း ချောက်ထဲတွန်းချထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆရာတော်သည် အရက်စွဲနေသူများနှင့် မူးယစ်ဆေးဝါး စွဲနေသူများကို မေတ္တာဖြင့် အရက်ဖြတ်ပေးခြင်း၊ မူးယစ်ဆေးဝါး ဖြတ်ပေးမှုများ ကုသလုပ်ဆောင်ပေးသည့်အတွက် ကြည်ညိုသူပေါများသည့် တောရ ဆရာတော်တစ်ပါးလည်း ဖြစ်သည်။

၂၀၂၀ ခုနှစ် ဇူလိုင်လတွင် ဆရာတော်က တောထဲတစ်နေရာမှ ၂၀၁၅ ခုနှစ်ကတည်းက တွေ့ရှိခဲ့သော အရှည် ၄၆ ပေ ၊ လုံးပတ် ၅ ပေခွဲရှိသည့် ကြီးမားသော အင်ကြင်းကျောက်ကို တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ အင်ကြင်းကျော်ကို ဗုဒ္ဓရုပ်ပွားတော် ၄ ဆူ ထုဆစ်နေကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက် တစ်ဆူပေးအပ်မည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

ယုံထောင်တောရဆရာတော်နှင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် မွေးသက္ကရာဇ်အတူ မွေးလ အတူဖြစ်ပြီး မွေးရက်အားဖြင့် ၃ ရက်သာ ကွာခြားကြောင်း၊ အင်ကြင်းကျောက်၏ သဘောက အေးချမ်းသည့်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်နိုင်ရန် အင်ကြင်းကျောက်ဖြင့် ထုဆစ်ပူဇော်ထားသော ဘုရားဆင်းတုတော်ကို လှူဒါန်းလိုခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။

“ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်အတွက် ဘုရားဆင်းတုတော်ထုနေတယ်ဆိုတာ ဒီပတ် ဝန်းကျင် အားလုံးက သိကြတယ်။ ဆရာတော်ကို NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံတဲ့ ဘက်မတူသူတွေ လာပြီး သတ်ဖြတ် လုပ်ကြံသွားတယ်ဆိုတာ ပြောနိုင်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article