ရန်ကုန်၊ မတ် ၂၇
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် မြန်မာ့နွေဦးတော်လှန်ရေး ရန် ပုံငွေဈေးရောင်းပွဲတော်ကို Queens county ရှိ St. James Episcopal Church ၌ မတ်လ ၂၆ ရက်နေ့(မြန်မာစံတော်ချိန် မတ်လ ၂၇ ရက်နေ့)တွင် ကျင်းပခဲ့ပြီး ရရှိလာသည့် ရံပုံငွေ ဒေါ်လာ ၃၄,၀၀၀ ခန့်ကို မြန်မာနိုင်ငံရှိ လိုအပ်သည့်အနေရာများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဈေးရောင်းပွဲတော်သည် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး နယူးယောက်မြို့အခြေစိုက် MAHAA (Myanmar American Humanitarian Aid Association) နှင့် NYCBC (New York City Burmese Community) က ကြီးမှူးကျင်းပကြောင်း၊ မြန်မာအစားအသောက်မျိုးစုံ၊ မြန်မာလက်ဝတ်ရတနာပစ္စည်းများ၊ တိုင်းရင်းသားရိုးရာလက်ဆောင်ပစ္စည်းများနှင့် အဝတ်အထည်မျိုးစုံတို့ကို တည်ခင်းရောင်းချခဲ့ကာ မြန်မာ့လက်မှု အနုပညာ၊ ရတနာ ပစ္စည်းများနှင့် ပန်းချီကားအချို့အားလည်း လေလံတင်ရောင်းပေးခဲ့ကြသည်။
အဆိုပါပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အမှတ်တရကျေးဇူးတင်စကားပြောကြားကာ၊ ကဗျာဆရာကြီးမောင်စွမ်းရည်၊ ကဗျာဆရာအောင်ဝေး၊ ကဗျာဆရာစောဝေတို့မှ တော်လှန်ရေးကဗျာများရွတ်ဆိုပြီး၊ နယူးယောက်ဒေသခံ Spring Revo Band နှင့်အတူ အဆိုတော်လင်းနစ်က သီချင်းများနှင့် သီဆိုဖျော်ဖြေခဲ့ကြသည်။