26 C
Yangon

စမ်းချောင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံ အသံသွင်းထားသော Hand Speaker ကို ဗုံးဟု ထင်မှတ်ပြီး စစ်တပ်က လမ်းပိတ်ဆို့ ရှင်းလင်း၊ လမ်းသွားလမ်းလာ ပြည်သူတချို့နှင့်အမျိုးသမီးများကို ဖမ်းဆီး

Must read

ရန်ကုန်၊ မတ် ၂၇

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ အသံသွင်းထားသော Hand Speaker ကို ဗုံးဟု ထင်မှတ်ပြီး အကြမ်းဖက်စစ်တပ်က လမ်းပိတ်ဆို့ရှင်းလင်းမှုများ လုပ်ဆောင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနက်က ဆန္ဒပြပွဲ လုပ်သွားပြီးတော့ အဲဒီမှာ စစ်တပ်တွေ ရောက်လာတယ်။ အဲဒီမှာ Hand Speaker မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်နေတဲ့ အသံကထွက်နေတယ်။ အဲဒါကို စစ်တပ်က ဗုံးထင်ပြီး လမ်းတွေပိတ်ပြီး ရှင်းတယ်။ နောက်မှ ဗုံးမဟုတ်မှန်းသိတော့မှ လမ်းပြန်ဖွင့်တယ်။ လမ်းသွားလမ်းလာ အမျိုးသမီးတွေနဲ့ Food Panda ပို့သူ တွေကို ဖမ်းသွားတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

အခြားစမ်းချောင်းဒေသခံတစ်ဦးကလည်း စစ်ကောင်စီတပ်များသည် ဗဟိုလမ်းနှင့်စမ်းချောင်းလမ်းထိပ် အထည်ဆိုင်မှ အမျိုးသမီး အလုပ်သမားများကို ကားပေါ်တင်၍ ဖမ်းဆီးသွားကြောင်း ၊ စမ်းချောင်းတစ်ခုလုံးကို ပိတ်ဆို့ စစ်ဆေးနေကြောင်း ပြောဆိုသည်။

“စမ်းချောင်းလမ်းထိပ်နဲ့ဗဟိုလမ်းမပေါ်မှာ ဆိုင်နာမည်တော့မသိဘူး။ အထည်တွေရောင်းတဲ့ဆိုင်က အမျိုးသမီးတွေကို ဖမ်းသွားတယ်။ မိန်းကလေးတွေအများကြီးပါသွားတယ်။ ခန့်မှန်းခြေ ၁၆ ဦးလောက်ရှိမယ်။ မနက်ကလမ်းထိပ်မှာဆန္ဒပြကြတယ်။ လက်ခုပ်တွေဝိုင်းတီးပြီး အားပေးကြတယ်။ဒါကြောင့်လားတော့အတိကျမသိဘူး။တချို့လမ်းလျှောက်လာတဲ့မိန်းကလေးတွေကိုပါ ဖမ်းသွားတယ်။ တိုက်ပေါ်လည်းသေနတ်တွေနဲ့လိုက်ချိန်တယ်” ဟု ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း စမ်းချောင်းတွင် ဆန္ဒပြကြသည့် လူငယ်များ၏ ဝတ်ဆင်သော အင်္ကျီ အဝတ်အစား ပုံစံများကို စစ်တပ်က လိုက်လံ မေးမြန်းကြောင်း ၊ အရပ်ဝတ်ဖြင့် အသွင်ယူ၍ ရဲနှင့်စစ်တပ်က စောင့်ကြည့်မှုများရှိကြောင်း သိရှိရသည်။

စစ်တပ်က စမ်းချောင်းအပါအဝင် ရန်ကုန်မြို့တွင် အရပ်သားကားများကို အသုံးပြုပြီး ကင်းလှည့်မှုများ ရှိရာ အရပ်သား ကားများကို အသုံးပြု၍ လှည့်လည်ကင်းလှည့်ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ဗဟိုလမ်းကို ပိတ်ဆို့၍ စစ်တပ်နှင့်ရဲက စစ်ဆေးနေစဉ်။

Photo – CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article