ရန်ကုန်၊ ဧပြီ ၂၁
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများဖြင့် ၂ ဆက်တိုက် ဗုံးကျဲခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးသည် တောင်သာမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို ဗုံး ၄ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယင်းနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးသည် တောင်သာမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို ဗုံး ၄ ကြိမ် ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်းတိုက်ခိုက်မှုများ အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
ယနေ့ ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းကလည်း မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးသည် တောင်သာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ခွေးတွေက ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေတာ ပြည်သူတွေ ထိခိုက်မှုကတော့ မရှိဘူးလို့တော့ သိထားရတယ်။ စစ်ခွေးတွေက နေ့တိုင်းဗုံးကျဲ တိုက်ခိုက်နေလို့ ပြည်သူတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၃ ခုကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ် ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တန့်ဆည် ပကဖ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
ယနေ့ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တန့်ဆည်မြို့နယ်၊ ကံထူးမရွာ၊ အင်ရေအိုးရွာနှင့် ပုတိန်ကုန်းရွာ တို့ကို လေကြောင်း တိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရကာ ဆိုင်ကယ်ဆိုင် ၁ ဆိုင်၊ ကား ၄ စီးနှင့် ဆီတင်ကား ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက လေယာဉ် ၃ စီးနဲ့ ကျေးရွာ ၃ ခုကို ဗုံးကျဲ တိုက်ခိုက်သွားတာ သေဆုံးသူမရှိဘူးလို့တော့ သိရတယ်။ ထိခိုက်ဒဏ်ရာရတာပဲရှိတယ်။ ဆိုင်ကယ်၊ ကားတွေနဲ့ ဆီတင်ကားပါ မီးလောင်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






