ရန်ကုန်၊ ဧပြီ ၂၁
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘိုဒါးကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကုန်းကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ဘန်ကာများနှင့် ရိက္ခာသိုလှောင်သည့် နေရာများပျက်စီးခဲ့ကြောင်း SSTF DRONE FORCE တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့နယ်နှင့် ပြည်ကြီးမဏ္ဍိုင်မြို့ အကြား ပြည်ထောင်စုလမ်းပိုင်းရှိ ဘိုဒါးကျေးရွာတွင် ၂ နှစ်ကြာအထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုသည် မိနစ် ၂၀ ခန့်သာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံး ၂ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း စစ်တပ် စခန်းကုန်းရှိ ဘန်ကာများနှင့် ရိက္ခာသိုလှောင်ထားသည့် နေရာများ ပျက်စီးခဲ့ပြီး စစ်တပ်ဘက်မှ ၂ ဦး ထပ်မံသေဆုံးကာ ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ဘုတ်ပြင်းမြို့နယ်ဘက်မှာ နေရာမရွေး အချိန်မရွေး တိုက်ပွဲဖြစ်နိုင်လို့ စစ်ခွေးတွေနဲ့ နီးစပ်ရာနေရာမှာ မနေဖို့ ပြည်သူတွေကို အသိပေးချင်ပါတယ်။ နောက်ပြီး စစ်ခွေးတွေ ကားချောဆွဲခံရပါကလည်း လူမလိုက်ဖို့ အသိပေးချင်ပါတယ်” ဟု SSTF DRONE FORCE တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA အမှတ် (၂၀၃) တပ်ရင်းနှင့် လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF DRONE FORCE) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုနှင့် လုံးဝ(လုံးဝ) သက်ဆိုင်မှု မရှိကြောင်း အသိပေး ပြောဆိုထားသည်။




