30 C
Yangon

ယူကရိန်းအရေးကြောင့် အကြမ်းဖက် စစ်ကောင်စီဘက် ယိမ်းယိုင်လာသောတရုတ်

Must read

By Jason Tower

ယူကရိန်းစစ်ကြောင့် မြန်မာဗိုလ်ချုပ်ကြီးများအား ရုရှား၏ ထောက်ပံ့ကူညီမှုများ လျော့ကျသွားမည်ဟု ဘေကျင်းက မျှော်တွေးလာသည်နှင့်အမျှ ဒီမိုကရေစီ အင်အားစုများအတွက် အားပေးကူညီမှုများမှာ အဆုံးသတ်သွားနေပုံရသည်။

မြန်မာ့အတိုက်အခံ ဒီမိုကရေစီအင်အားစုများနှင့် တစ်နှစ်ကြာအောင် အစမ်းသဘော ဆက်ဆံမှုများအပြီး တရုတ်နိုင်ငံသည် ယခုလအတွင်း ၎င်း၏ဟန်ဆောင် လောင်းကြေးထပ်မှုအားလုံးကို စွန့်လွှတ်၍ စစ်အစိုးရအပေါ် ထောက်ပံ့ကူညီမှုများကို အရှိန် မြှင့်တင်လာခဲ့သည်။

ယူကရိန်း၌ အရေးမလှဖြစ်နေသဖြင့် မြန်မာစစ်အစိုးရအား မော်စကို၏ အကူအညီများ လျော့ကျလာနိုင်ပြီး အဆိုပါ လစ်ဟာသွားသည့်နေရာ၌ တရုတ်နိုင်ငံက မဖြစ်မနေ အစားထိုးဝင်ရောက် ကူညီရမည်ဟု အရိပ်အမြွက်ညွှန်းဆိုကာ “ယူကရိန်း အကျပ်အတည်း” အတွက် တုံ့ပြန်မှု တစ်စိတ်တစ်ပိုင်းအဖြစ် စီးပွားရေးနှင့် နိုင်ငံရေး အရွေ့တစ်ခုကို ဘေကျင်းက ပြတ်ပြတ်သားသားချမှတ် ဆောင်ရွက်လာသည်။

မြန်မာ့အာဏာရှင်အစိုးရကို ၎င်းတို့ကဲ့သို့ တရားဝင် အသိအမှတ်ပြုရန် အရှေ့တောင်အာရှနိုင်ငံများအား တရုတ်တို့၏ ဖိအားပေးမှုတိုးမြင့် လာသည်နှင့်အမျှ ဒေသတွင်းရှိ နိုင်ငံများနှင့် မြန်မာနိုင်ငံ၌ အကျိုးစီးပွားရှိနေသော အဖွဲ့များမှာ ၎င်းတို့၏ မြန်မာ့ရေးရာ မဟာဗျူဟာများကို ပြန်လည်သုံးသပ် စဉ်းစားလာကြရမည် ဖြစ်သည်။

ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားသော တရုတ်မူဝါဒကြောင့် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများ ပိုမိုဆိုးဝါးလာစေနိုင်သည်မှာ သေချာသလောက်ဖြစ်သည်။

တရုတ်နိုင်ငံ၏ အပြောင်းအလဲသည် မြန်မာပြည်သူများအား အလွန် မလေးစားရာရောက်သော စိတ်အနှောင့်အယှက်ဖြစ်စရာ အပြုအမူဖြစ်သည်ဟု ယမန်နှစ် အာဏာသိမ်းမှုကြောင့် ရာထူးစွန့်ခဲ့ရသည့် အမတ်များဖြင့် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (အင်န်ယူဂျီ)က ပြစ်တင်ဝေဖန်သည်။

အင်ဒို-ပစိဖိတ်ဒေသ အလယ်ဗဟိုရှိ မြန်မာနိုင်ငံ၏ စစ်အစိုးရအား တရုတ်နိုင်ငံက တိုးမြှင့်ကူညီနေမှုသည် အမေရိကန်ပြည်ထောင်စုအတွက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ချမှတ်ခဲ့သော အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာပါ ဒေသဆိုင်ရာ ရေရှည် ကတိကဝတ်များကို တိုက်ရိုက် ခြိမ်းခြောက်လာခြင်းပင် ဖြစ်သည်။

သို့ရာတွင် တရုတ်နိုင်ငံကမူ မြန်မာနိုင်ငံရှိ ဒေါ်လာဘီလီယံ ဆယ်ဂဏန်းနှင့်ချီသော မဟာဗျူဟာရင်းနှီးမြှုပ်နှံမှုများကို မြန်မြန်ဆန်ဆန် ပြန်လည်စတင်နိုင်ရေးအတွက် စစ်အစိုးရနှင့် သိသာမြင်သာသော ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်လာပြီဟု ယူဆလာခြင်းဖြစ်ဖွယ် ရှိသည်။

မြန်မာပြည်သူများနှင့် တရုတ်၏ ချစ်ကြည်ရင်းနှီးမှု အဆုံးသတ်သွားပြီလား
===============
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာ့အာဏာသိမ်းမှုအပေါ် တရုတ်တို့၏ ကနဦး လူသိရှင်ကြား တုံ့ပြန်မှုမှာ ဘာမှမဖြစ်ခဲ့သယောင် ဟန်ဆောင်ခဲ့ခြင်းဖြစ်ပြီး “မြန်မာအစိုးရအဖွဲ့အတွင်း လူ အပြောင်းအလဲပြုလုပ်ခြင်း” ဟုသာ တရုတ်တို့ကပြောဆိုခဲ့သည်။ သို့သော် မတ်လကုန်ပိုင်း၌ ရန်ကုန်ရှိ တရုတ်စက်ရုံများ၊ တရုတ်လုပ်ငန်းများကို တိုက်ခိုက်မှုများ ဖြစ်ပေါ်လာသည့်အခါ ယင်းမှာ အကျပ်အတည်းတစ်ခု ဖြစ်လာသည်။

စစ်အစိုးရအား အခိုင်အမာ ထောက်ခံနေမှုကြောင့် တရုတ်ဆန့်ကျင်ရေး ခံစားမှုများ ပိုမို ပြင်းထန်လာမည်ကို တရုတ်အရာရှိများက စိုးရိမ်လာသည်။ အခြေအနေကို ထိန်းသိမ်းနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ)နှင့် ရင်းနှီးသော ဆက်ဆံရေးများ ရှိကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုမှာ မြန်မာပြည်သူအားလုံးအတွက် တံခါးဖွင့်ထားကြောင်း စသည့် မူဝါဒကြေညာချက်များကို ဘေကျင်းက ဂရုတစိုက်သတိထား၍ ပြုလုပ်လာသည်။

နောက်ပိုင်းလများတွင် တရုတ်သံရုံးသည် အန်ယူဂျီနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို မသိမသာဖွင့်လှစ်ကာ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံရေးပါတီများ အစည်းအဝေးသို့ အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင်များအား တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြား၍ အင်န်အယ်လ်ဒီနှင့် ဆက်ဆံရေးကိုပြန်လည် အသက်သွင်းလာခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ စီးပွားရေးဆောင်ရွက်မှုများကို တရုတ်အစိုးရက အရှိန် လျှော့ချလိုက်ပြီး မြန်မာ အစိုးရပိုင်လုပ်ငန်းများ၏ စီမံကိန်းအသစ်များအတွက် ချေးငွေထုတ်ပေးမှုကို ဆိုင်းငံ့ကာ တရုတ်ရင်းနှီးမြှုပ်နှံမှုများ စိတ်ချလုံခြုံမှုရှိရေး အထူးအလေးပေးကြရန် ပဋိပက္ခဖြစ်နေသော အဖွဲ့အစည်းအားလုံးကို သတိပေးခဲ့သည်။

ထိုသို့ ဟန်ရေးပြင်မှုနှင့် ညှိနှိုင်းမှုများ ရှိခဲ့လင့်ကစား အတိုက်အခံဖက်မှ အနိုင်ရရန် ဖြစ်နိုင်ချေမရှိဘဲ မိမိတို့၏ အကျိုးစီးပွားကိုထိခိုက်လာနိုင်သည်ဟု တရုတ်ခေါင်းဆောင်များက စတင် ရှုမြင်လာသည့်အခါ မြန်မာနိုင်ငံ၌ ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ရုရှားနှင့် မဟာဗျူဟာမိတ်ဖက် ပူးပေါင်းမှုအပေါ် တရုတ်တို့ အားပြုလာကြပြန်သည်။

တရုတ်တို့၏ မြန်မာ့နိုင်ငံရေးရည်မှန်းချက်များမှာ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှု၊ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး အားပေးကူညီမှုများကို ဆန့်ကျင်ရန်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့များ၏ မြန်မာ့အရေး ထဲထဲဝင်ဝင် ပိုမိုပါဝင်ပတ်သတ်လာမှုကို တားဆီးရန်နှင့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ အားနည်းသွားအောင် မြန်မာစစ်အစိုးရအား အကူအညီများပေးရန်တို့ ဖြစ်သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး နှစ် ၃၀ ပြည့်အခမ်းအနားသို့ မြန်မာနိုင်ငံကို တက်ရောက်ခွင့်မပေးဘဲ စစ်အစိုးရ၏ တရားဝင်မှုနှင့် ဒေသအတွင်း တရုတ်ဩဇာလွှမ်းမိုးမှုကို အာဆီယံက စိန်ခေါ်လာသည့်အခါ တရုတ်တို့ အထိတ်တလန့် ဖြစ်ခဲ့ရသည်။

ထို့နောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ထုတ်ပြန်ချက်များ၌ အင်န်အယ်လ်ဒီအမည် ရည်ညွှန်းဖော်ပြမှုများ ပျောက်ကွယ်သွားပြီး အာဏာသိမ်းအစိုးရနှင့် လုပ်ငန်းအဆင့် ဆက်ဆံမှုအားလုံးကို တရုတ်က ပြန်လည်စတင်လာခဲ့သည်။ အစည်းအဝေးသို့ စစ်အစိုးရ၏ ကိုယ်စားလှယ် ပါဝင်တက်ရောက်ခွင့်ရရှိရေး အာဆီယံ အဓိကနိုင်ငံများကို မစည်းရုံးနိုင်ခဲ့ခြင်း အတွက် တရုတ်သံအမတ်ကြီးမှတစ်ဆင့် စစ်အစိုးရကို အထူးတလည် တောင်းပန်စကားဆိုရန်ပင် ဘေကျင်းက ခိုင်းစေခဲ့သည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာအား ဘရူနိုင်းနိုင်ငံထံမှ ကမ္ဘောဒီးယားနိုင်ငံက လွှဲပြောင်း ရယူခြင်းကို စစ်အစိုးရ၏ အနေအထား ပိုမိုအားကောင်းစေမည့် အခွင့်အလမ်းဟု တရုတ်က ရှုမြင်သည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်ကို ဘေကျင်းက ထောက်ခံအားပေးခဲ့သလို အချက် ၅ ချက်ပါ အာဆီယံသဘောတူညီချက် (မြန်မာ့ နိုင်ငံရေးအကျပ်အတည်း၌ အကြမ်းဖက်မှုများ အဆုံးသတ်ပြီး ငြိမ်းချမ်းစွာ အဖြေရှာရေး အာဆီယံ ၁၀ နိုင်ငံအကြား သဘောတူညီချက်) အား စစ်အစိုးရ၏ အချက် ၅ ချက်ပါ လမ်းပြမြေပုံနှင့် ချိတ်ဆက်ရေးအတွက်လည်း ကမ္ဘောဒီးယားအား လူသိရှင်ကြား တွန်းအားပေးခဲ့သည်။

အဆိုပါ လမ်းပြမြေပုံမှာ ၂၀၂၃ ခုနှစ် ဩဂုတ်လ မတိုင်မီ ဟန်ဆောင်ရွေးကောက်ပွဲတစ်ခု ကျင်းပ၍ စစ်တပ် ကိုယ်စားပြုပါတီထံ အာဏာလွှဲပြောင်းပေးမည့် အစီအစဉ် ဖြစ်သည်။ အာရှတစ်ခွင် လွန်းပျံ ဒစ်ပလိုမေစီ အများအပြားအပါအဝင် မြန်မာ့အရေး တရုတ်၏ သံခင်းတမန်ခင်း ကြိုးပမ်းမှုများမှာ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူအပါအဝင် အာဆီယံ အဓိက နိုင်ငံများ၏အမြင်ကို မည်သို့မျှ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။

ထိုအနေအထားမျိုး၌ ယူကရိန်းစစ်ပွဲ မဖြစ်ခင် အကြိုကာလများ ကတည်းကပင် တရုတ်တို့သည် မြန်မာနိုင်ငံဆိုင်ရာ ၎င်းတို့၏ မူဝါဒကို ပြန်လည် စဉ်းစားသုံးသပ်နေခဲ့ပြီ ဖြစ်သည်။ မတ်လကုန်ပိုင်းအရောက်တွင် မြန်မာစစ်အစိုးရအတွက် ရုရှား၏ စစ်ရေး၊ နိုင်ငံရေး အကူအညီ ပေးနိုင်စွမ်းမှာ အလွန်အမင်း ကျဆင်းသွားသည်ကို တရုတ်တို့စတင် သတိပြုမိလာသည်။

အဆိုပါ လစ်ဟာသွားသည့် နေရာတွင် တရုတ်ကအစားထိုး ဝင်ရောက်ကာ အရှေ့တောင်အာရှဒေသအပေါ် ယူကရိန်းအရေး၏ ဆိုးကျိုးသက်ရောက်မှုများ အပါအဝင် တရုတ်နှင့်နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ရန် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးသုံးဦးနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့အား ဖိတ်ကြားခဲ့သည်။

နောက်ဆုံး ဧပြီ ၁ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက တရုတ်နိုင်ငံ၊ ဟန်ဝေးပြည်နယ်၌ ဦးဝဏ္ဏမောင်လွင်ကို တခမ်းတနား ဧည့်ခံကြိုဆိုခဲ့သည်။ ထို့နောက် တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက စစ်အစိုးရ၏ ကိုယ်စားလှယ်ကို “နိုင်ငံခြားရေးဝန်ကြီး” အဖြစ် ရေးသားကာ “အခြေအနေများ မည်သို့ပင် ပြောင်းလဲစေကာမူ” စစ်အစိုးရအား တရုတ်ကထောက်ခံကူညီသွားမည် ဖြစ်ကြောင်း ဦးဝဏ္ဏမောင်လွင်ကို ပြောဆိုခဲ့သည်ဟု အလေးအနက်ဖော်ပြခဲ့သည်။

စစ်အစိုးရ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက)အား တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများစွာ တိုးတက်လာကြောင်း နှစ်ဖက်ဝန်ကြီးများက ပြောကြားခဲ့သည်။

၎င်းတိုးတက်မှုများတွင် ဒေါ်လာ သန်း ၁၀၀ ကျော် တရုတ်၏ ငွေကြေး အကူအညီအသစ် ပေးအပ်ခြင်း၊ တရုတ်နိုင်ငံ၌ မြန်မာကောင်စစ်ဝန်ရုံးအသစ် တစ်ခုဖွင့်လှစ်ခြင်း၊ တစ်ဖက်သတ် ပိတ်ဆို့ အရေးယူမှုများအား အတူတကွ ဆန့်ကျင်ရန် သန္နိဋ္ဌာန်ချမှတ်ခြင်း၊ တရုတ် ပိုးလမ်းမ စီမံကိန်း၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ကတိကဝတ်ပြုခြင်းနှင့် (တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာတို့ ပါဝင်သော) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာစစ်အစိုးရက လက်ခံကျင်းပရန် စီစဉ်ခြင်းများ ပါဝင်သည်။

#########
(Jason Tower ရေးသားပြီး USIP တွင် ဖော်ပြထားသော “Ukraine Crisis Prompts China to Swing Behind Myanmar’s Junta” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆို တင်ဆက်ထားခြင်း ဖြစ်ပါသည်)။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article