25 C
Yangon

သင်္ကြန်တွင်း ရန်ကုန်၊ ၈ မိုင်ရှိ ရန်ကုန်စစ်ဌာနချုပ်အနီးဝန်းကျင် တိုက်အမြင့်များတွင် စနိုက်ပါသမားများထားကာ စစ်ကောင်စီက လုံခြုံရေးအထူးတင်းကြပ်မည်

Must read

ရန်ကုန်၊ ဧပြီ ၂

ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိကျင်းပမည့် သင်္ကြန်ပွဲအတွင်း ရန်ကုန် ၈ မိုင်ခုံးတံတားအောက်ရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနီးဝန်းကျင် တိုက်အမြင့်များတွင် စနိုက်ပါသမားများထားကာ လုံခြုံရေးတင်းကြပ်စွာဖြင့် သင်္ကြန်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပေါက်ကြားလာသည့် လျှို့ဝှက်ကြေးနန်းအရ သိရှိရသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်ဦးစီးဌာန (စစ်ဆင်ရေး) က ညွှန်ကြားသည့် အဆိုပါ လျှို့ဝှက် ကြေးနန်းတွင် အကြမ်းဖက် စစ်တပ်က လုံခြုံရေးအတွက် စည်း ၃ စည်းထားရှိကာ လှည့်ကင်း၊ ပတ်ကင်းများ၏ လမ်းကြောင်းများ အမြင့်မှ ကြည့်ရှုနိုင်ရန် အမြင့်တင်ထားမည့် စနိုက်ပါ စစ်သားများ တည်နေရာနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား စာရင်းပါ ပါဝင်သည်။

အကြမ်းဖက် စစ်တပ်၏ စည်း ၃ စည်း လုံခြုံရေးဖြစ်သော ဗဟိုစည်း လုံခြုံရေးကို ခြေလျင်တပ်ရင်း (ခလရ ၁၄၆) မှ အရာရှိ ဦးစီး အပါအဝင် ၇ ဦး၊ စအရ ၉၀၅ မှ အရာရှိ ဦးစီး အပါအဝင် ၁ဝဦးနှင့် ဗတထမှ အရာရှိဦးစီးအပါအဝင် ၁ဝ ဦးတို့က နံနက်ပိုင်းမှ ညနေပိုင်းထိ လုံခြုံရေး ဆောင်ရွက်ရမည်ဖြစ်ပြီး အတွင်းစည်း လုံခြုံရေးတွင် ကုန်းမြင့်သာဝန်းလုံခြုံရေးနှင့် လူ၊ ယာဉ် ဝင်ထွက်စစ်ဆေးခြင်းအား ခြေလျင်တပ်ရင်း (ခလရ) ၉၁မှ တပ်ရင်းမှူး ဦးစီး စက ၁ နှင့် စစ်သား အင်အား ၉ဝပါ (တပ်ခွဲ ၁တပ်ခွဲ)ဖြင့် ဆောင်ရွက်မည်ဖြစ်ကာ အပြင်စည်း လုံခြုံရေးကို ၈မိုင်ခုံးကျော်တံတားနှင့် ကုန်းမြင့်ဝန်း အပြင်စည်းအား အမှတ် ၂ လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ (ရကဖ -၂)မှ ရဲအင်အား ၉ဝပါ (တပ်ခွဲ ၁ခွဲ)နှင့် ယာဉ်ထိန်းရဲ တပ်ခွဲ(၂) မှ ရဲအင်အား ၃ဝပါ (တပ်စု ၁ စု)ဖြင့် စည်း၃စည်း လုံခြုံရေး ပြုလုပ်ထားကြောင်း သိရသည်။

ထို့ပြင် အမြင့်တင် လုံခြုံရေးအတွက် စမ်းချောင်း ကျောင်းလမ်းရှိ ဆောက်လက်စ အဆောက်အဦး၌ ခြေမြန်တပ်ရင်း ခမရ (၇၀၂)မှ တပ်ဖွဲ့ ၁ ဖွဲ့ဖြင့် ပြုလုပ်မည်ဖြစ်ကာ ပတ်ကင်း၊ လှည့်ကင်း လုံခြုံရေးကို ၈မိုင်း ခုံးတံတား၊ ပြည်လမ်း၊ ပါရမီလမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းတို့ကို ခြေလျင်တပ်ရင်း (ခလရ) ၁၄၆မှ တပ်ရင်းမှူး ဦးစီးသည့် ယာဉ် ၂စီးဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအတွက် အသင့်စုဖွဲ့ထားရှိမှုကို ခြေမြန်တပ်ရင်း ခမရ (၄၃၆)မှ စက ၂နှင့် စစ်သား အင်အား ၉ဝ ပါ (တပ်ခွဲ ၁တပ်ခွဲ)ဖြင့် အသင့် စုဖွဲ့ထားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဆေးအကာအကွယ်ပေးရေး အဖွဲ့များပါ ဖွဲ့စည်းထားပြီး ဧပြီလ ၁၃ ရက်နေ့တွင် အမှတ်(၁) တပ်မတော် စစ်ဆေးရုံကြီး ကုတင် ၁၀၀၀ မင်္ဂလာဒုံ (ဆရက ၁/၁ဝဝဝ)မှ အရာရှိဦးစီး ဆေးအကာအကွယ်ပေးရေး တပ်ဖွဲ့ ၁ဖွဲ့နှင့် လူနာတင်ယာဉ် ၁စီး၊ ဧပြီလ ၁၄ ရက်နေ့တွင် အမှတ်(၆) စစ်မြေပြင်ဆေးတပ်ရင်း မှော်ဘီ (မဆရ ၆)မှ အရာရှိဦးစီး ဆေးအကာအကွယ် ပေးရေး တပ်ဖွဲ့ ၁ဖွဲ့နှင့် လူနာတင်ယာဉ် ၁စီး၊ ဧပြီလ ၁၅ ရက်နေ့တွင် အမှတ်(၁၄) စစ်မြေပြင်ဆေးတပ်ရင်း၊ တိုက်ကြီး (မဆရ ၁၄) အရာရှိဦးစီး ဆေးအကာအကွယ် ပေးရေး တပ်ဖွဲ့ ၁ဖွဲ့နှင့် လူနာတင်ယာဉ် ၁စီး၊ ဧပြီလ ၁၆ ရက်နေ့တွင် အမှတ်(၂) တပ်မတော်ဆေးရုံ ကုတင် ၅၀၀ ရန်ကုန် (တဆရ ၂/၅ဝဝ) အရာရှိဦးစီး ဆေးအကာအကွယ် ပေးရေး တပ်ဖွဲ့ ၁ဖွဲ့နှင့် လူနာတင်ယာဉ် ၁စီးထားရှိသွားမည်ဖြစ်ကာ အရာရှိဦးစီးသည့် မီးသတ်ယာဉ် ၂စီးလည်း အသင့်စုဖွဲ့ထားရန် လျှို့ဝှက် ကြေးနန်းတွင်ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article