25 C
Yangon

ကော့ကရိတ်၊ တောင်ကြာအင်းရွာရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ရဲစခန်းနှင့် စာသင်ကျောင်းကို KNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ ဧပြီ ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချတပ်စွဲထားသည့် ရဲစခန်းနှင့် စာသင်ကျောင်းကို ယနေ့ ဧပြီလ ၄ ရက် မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး ရဲစခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။

တောင်ကြာအင်း ရဲစခန်းမီးလောင်ပျက်စီးသွားပြီး အဆိုပါ ဝန်းအတွင်းနှင့် စာသင်ကျောင်းဝန်းအတွင်းတွင် စစ်ကောင်စီတပ်သားအလောင်းများ ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

တောင်ကြာအင်းရဲစခန်းအပြင် အခြားနေရာအချို့ကိုပါ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း၊ လုံခြုံရေးအရ ဖော်ပြလို့ မရသေးကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၁ ဦးက ဆိုသည်။

တောင်ကြာအင်းရဲစခန်းနှင့် စာသင်ကျောင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို KNLA က ဝင်ရောက်တိုက်ခိုက်စဉ် ကော့ကရိတ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများ တရစပ်ပစ်ခတ်ခဲ့ပြီး အဆိုပါလက်နက်ကြီးများသည် တောင်ကြာအင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ အများပြည်သူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ယနေ့ တောင်ကြာအင်းကျေးရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သည့် ဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာရန် KNU က စာထုတ်အသိပေးထားပြီး စစ်ကောင်စီတပ်ဖွဲ့များသည် ဆုတ်ခွာခြင်းမရှိဘဲ အင်အားတိုးချဲ့လာမှုများကြောင့် တပ်မဟာ ၆ နေရာတော်တော်များများတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဓါတ်ပုံ – ကော့ကရိတ်မြို့နယ်အတွင်းရှိ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article