ရန်ကုန် ၊ ဧပြီ ၁၀
တောတွင်းရောက် တော်လှန်ရေးရဲဘော်များ စုပေါင်း၍ “ဖက်ဆက်အုပ်စုသွေးကြောင်ရေး တော်လှန်သင်္ကြန်မှာ ပါဝင်ပေး”၊ “နှစ်ကူးသင်္ကြန်မဟုတ် စစ်ရူး သင်္ကြန်”၊ “ကျည်မို မိုင်းမိုး သင်္ကြန်မိုး”စသည့် အကြမ်းဖက် စစ်ကောင်စီ စီစဉ်သည့် သင်္ကြန်တွင် ပြည်သူများ မပါဝင်ရေးလှုံ့ဆော်ဆန္ဒပြခြင်းကို ယနေ့ ဧပြီ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
“သင်္ကြန်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပြည်သူလူထုကို ပြောချင်တာက ကျွန်တော်တို့ ရိုးရာ သင်္ကြန်ဆိုတာ နှစ်စဉ်နှစ်တိုင်းရှိတယ်။ တော်လှန်ရေးဆိုတာက တစ်ခဏပဲ ရှိတယ်။ တော်လှန်ရေးကာလမှာ ပြည်သူတွေကို မေတ္တာရပ်ခံချင်တာက ကျဆုံးသွားတဲ့ ရဲဘော်တွေရယ်၊ ရဲဘော်တွေရဲ့ မိသားစု၊ နောက် CDM ဝန်ထမ်း၊ တောထဲမှာ ရောက်နေတဲ့ တော်လှန်ရေးရဲဘော်တွေ၊ ထောင်ထဲရောက်နေတဲ့ ဖမ်းဆီခံရဲဘော်တွေ ရှိမယ်၊ သူတို့ရဲ့ မိသားစုတွေရှိမယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က သူတို့နဲ့ အတူရပ်တည်ပြီးတော့ သင်္ကြန်ကို မပျော်ဖို့ ငဲ့ညှာပေးဖို့ ပထမဆုံးမေတ္တာရပ်ခံချင်ပါတယ်။ အခု သင်္ကြန်ဟာ စစ်ကောင်စီက ကမ္ဘာကို လိမ်ညာဖို့ အတုအယောင်ဖန်တီးထားတဲ့ စေတနာ မပါတဲ့ သင်္ကြန်ဖြစ်တယ်” ဟု သင်္ကြန်တွင် ပြည်သူများ မပါဝင်ရန် ဆန္ဒပြလှုံ့ဆော်မှုတွင် ပါဝင်သည့် တော်လှန်ရေးရဲဘော် တစ်ဦးက ပြောကြားသည်။