30 C
Yangon

CDM ပြည်သူ့စစ်သားများကို ဩစတြေးလျက ခိုလှုံခွင့်ဗီဇာ ထုတ်ပေးမှု မင်းအောင်လှိုင် စိတ်ဆိုးမာန်ဆိုးကန့်ကွက်၊ ဖမ်းဆီးထားသော ဩစတြေးလျနိုင်ငံသား ရှောင်တာနယ် ပြန်လွှတ်ပေးရေးနှင့် အကျပ်ကိုင်

Must read

ရန်ကုန်၊ ဧပြီ ၁၀

CDM ပြည်သူ့စစ်သားများကို ဩစတြေးလျနိုင်ငံက ခိုလှုံခွင့်ဗီဇာ ထုတ်ပေးမှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိတ်ဆိုးမာန်ဆိုးဖြင့် ကန့်ကွက်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်Ms. Andrea Marie Faulkner ကို‌ ပြောဆိုလိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဧပြီလ ၆ ရက်နေ့ နေပြည်တော်တွင် တာဝန်ပြီးဆုံး၍ ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်Ms. Andrea Marie Faulkner နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် ထို့သို့ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဩစတြေးလျနိုင်ငံက CDM ပြည်သူ့စစ်သားများကို ခိုလှုံခွင့်ပေးမှုကို မင်းအောင်လှိုင်က ပြင်းပြင်းထန်ထန် ကန့်ကွက်သည့်အပြင် ဗီဇာထုတ်မပေးရန်နှင့် အဆိုပါ စစ်သားများသည် တပ်ပြေးများဖြစ်၍ လွှဲပြောင်းပေးရန်ပါ ထည့်သွင်းပြောဆိုကြောင်း၊ ပြည်ပနိုင်ငံများရှိ CRPH ၊ NUG ၊ PDF များကို ထောက်ပံနေသူနှင့်ပါဝင်သူများကို ဖမ်းဆီးအရေးယူတရားစွဲလျက်ရှိကြောင်း၊ ဩစတြေးလျတွင် ရောက်ရှိနေသူများကိုလည်း လွှဲပြောင်းပေးရန် မင်းအောင်လှိုင်က တောင်းဆိုကြောင်း သိရှိရသည်။

ဩစတြေးလျသံအမတ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား ရှောင်တာနယ် လွှတ်ပေးရန် တောင်းဆိုမှုကိုလည်း မင်းအောင်လှိုင်က အပြန် အလှန် သဘောအနေဖြင့် အကျပ်ကိုင်ကြောင်း ၊ ရှောင်တာနယ်ကို လွှတ်ပေးစေလိုပါက ၎င်းတောင်းဆိုမှုများကို လိုက်လျောရန် သဘောမျိုး ပြောဆိုမှု ရှိကြောင်း၊ ဩစတြေးလျသံ အမတ်ကမူ ၎င်း၏ အစိုးရထံသို့ မင်းအောင်လှိုင်၏ ပြောဆိုမှုကို ပြန်လည် အသိပေးမည်ဟုသာ တုံ့ပြန်ကြောင်း သိရှိရသည်။

ဩစတြေးလုနိုင်ငံက CDM ပြည်သူ့စစ်သားများကို ခိုလှုံခွင့်များပေးလျက်ရှိပြီး မင်းအောင်လှိုင်နှင့် ထိပ်ပိုင်းခေါင်းဆောင်များက အဆိုပါသတင်းသည် အတု အယောင်သာဖြစ်ကြောင်း တပ်တွင်းစည်းရုံး ဟောပြောပွဲများ ဆက်တိုက် ပြုလုပ်နေရသည်။

ဓာတ်ပုံ- ဧပြီလ ၆ ရက်နေ့ ဩစတြေးလျသံအမတ်နှင့်တွေ့ဆုံနေသည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article