25 C
Yangon

ရန်ကုန်မြောက်ဥက္ကလာရဲစခန်းအနီးနှင့် တွံ့တေး စစ်ဘက်ရေးရာ လုံခြုံရေးရုံးတွင် ဗုံးပေါက်ကွဲ ၊ ဖျာပုံသင်္ကြန်မဏ္ဍပ်အနီးနှင့် ဟင်္သာတတွင်လည်း ဗုံးများ ဆက် တိုက်ပေါက်၊ မြစ်ကြီးနားလ၀ကရုံးတွင်လည်း ဗုံးပေါက်ကွဲ

Must read

ရန်ကုန်၊ ဧပြီ ၁၆

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပရဲစခန်းအနီးတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန် မြောက်ဥက္ကလာပ၊ အမှတ် ၉ ရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း၊ ယမန်နေ့ညပိုင်းလည်း ဗုံးများဆက်တိုက်ပေါက်ကွဲကြောင်း သိရှိရသည်။

“မြောက်ဥက္ကလာရဲစခန်းအနီးမှာရှိတဲ့ လမ်းထိပ်မှာ ဗုံးပေါက်တာ၊အိမ်ပေါ်တွေတောင်စင်တယ်ဗုံးအစတွေက။ အသေအပျောက်တော့မရှိဘူး။ ဒီကောင်တွေကအရင်နေ့ကတည်းကလမ်းထိပ်မှာကင်းစောင့်နေတာကြ။ မနေ့ကညကလည်းပေါက်တယ်။ ဗုံး ၅ လုံးလောက်ရှိမယ်” ဟုဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း တွံ့တေးမြို့နယ်တွင် ဧပြီလ ၁၅ ရက်နေ့ ညပိုင်း ၇ နာရီ ၄၅ မိနစ်အချိန် စစ်ဘက်ရေးရာလုံခြုံရေးရုံး (စရဖရုံး) ကို PDF Twantay – Rangerက ဖောက်ခွဲတိုက်ခိုက်ကြောင်း၊ နောက်ထပ်ပေါက်ကွဲမှုများဖြစ်ပေါ်နိုင်သောကြောင့် စစ်ကောင်စီက ပြုလုပ်သော မဏ္ဍပ်တွင် ရေကစားနေကြသောသူများအနေဖြင့် သွားရောက်ခြင်းမပြုရန် အသိပေးနှိုးဆော်တိုက်တွန်းထားသည်။

ထို့ပြင် ဧပြီလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၃၉ မိနစ်အချိန် ဧရာ၀တီတိုင်းဒေသကြီး ဖျာပုံမြို့၊ ပထမလမ်းပေါ်ရှိ စည်ပင်သာယာရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ ဖျာပုံ ဗဟိုသင်္ကြန်မဏ္ဍပ်အနီးရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ရွှေရတုဧည့်ရိပ်သာ နှင့် တရားရုံးကြားတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရှိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုများကို ဖျာပုံခရိုင်ဧရာဗေဒါတပ်ဖွဲ့ နှင့် The Sacrifice Defence Of Pyapon တပ်ဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ဖျာပုံဗဟိုမဏ္ဍပ်ကို ဖြိုခွဲရန် စီစဉ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မည်ကိုစိုးရိမ်၍ ခပ်လှမ်းလှမ်းကပင် ဗုံးခွဲလိုက်ကြောင်း၊ ယနေ့ နံနက် ၇ နာရီ ၃၉မိနစ် ပထမ လမ်းမပေါ်ရှိစည်ပင်သာယာရုံး၊ ယနေ့ နံနက် ၇နာရီ ၄၂မိနစ်ရွေရတု ဧည့်ရိပ်သာနှင့် ဖျာပုံတရားရုံးကြားမှာ တလုံးဖောက်ခွဲခဲ့ကြောင်း၊ ယနေ့ သင်္ကြန်အတက်နေ့ နေ့လယ်(သို့မဟုတ်) ညနေပိုင်း ဆက်လက် ဖောက်ခွဲရန်ရှိကြောင်း သတိပေးထားသည်။

ဖျာပုံဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရကာ ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။

“ဒီမနက် ၇ နာရီ ၃၉ မိနစ်မှာ ဖျာပုံ ပထမလမ်းက စည်ပင်သာယာရုံးကို ခွဲတယ်၊ အဲဒါက အထိအခိုက်မသိရသေးဘူး။ ၇ နာရီ ၄၂ မိနစ်မှာ ရုံးကြီးလမ်းက ဗဟိုမဏ္ဍပ်အနီးမှာ ခွဲတယ်။ မနက်အစောဖြစ်တဲ့အတွက် ပြည်သူတွေ မရှိသေးဘူး၊ ပြီးတော့ ဗဟိုမဏ္ဍပ်က မီးသတ်တို့၊ ထောင်တို့ အနီးမှာ ရှိတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပဲ ရှိနေသေးတာ၊ ၅ ဦး ဒဏ်ရာရတာ ၂ ယောက်က ဒဏ်ရာပြင်းတယ်” ဟု ဖျာပုံခရိုင် ဧရာဗေဒါ ပြောက်ကျားတပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ရုံးကြီးလမ်းရှိ ဗဟိုမဏ္ဍပ်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးတင်းကြပ်ထားပြီး လူနာတင်ကား ၁ စီး ဝင်သွားကြောင်း သတင်းရရှိသည်။

“ဖောက်ခွဲမှုပြီးပြီးချင်း ဗဟိုမဏ္ဍပ် အဝင်အထွက်လမ်းကို ပိတ်လိုက်တယ်၊ စစ်ခွေးတွေရော ရဲခွေးတွေရော လက်နက်အပြည့်အစုံနဲ့ စစ်တယ်၊ မြို့ဝင် မြို့ထွက်ကိုလည်း လုံခြုံရေး တင်းကြပ်လိုက်တယ်” ဟု ဧရာဗေဒါ ပြောက်ကျားတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

အလားတူ ဧပြီလ ၁၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ဟင်္သာတမြို့၊ နိဗ္ဗာန်တိုက်နယ်၊ စည်တော်ကုန်းကျေးရွာအနီးရှိ၊ စစ်အုပ်စုပိုင် Mytel တိုင်ကို ဟင်္သာတမြို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ( HLPDF) က ဗုံးခွဲ ဖျက်ဆီးလိုက်ကြောင်း ၊ ဧပြီလ ၁၂ ရက်နေ့၊ နံနက် ၄ နာရီ ၅၀ မိနစ် အချိန်တွင် ဟင်္သာတမြို့၊ အာဇာ နည်ကျောက်တိုင်အနီးတွင် စစ်ကောင်စီ ကြီးမှုးစီစဉ်သော ဗဟိုမဏ္ဍပ်အနီးတွင်လည်း ဗုံးဖောက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ဟင်္သတာမြို့နယ်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ ဧပြီလ ၁၅ ရက်နေ့ ည ၉ နာရီခွဲအချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြိုသစ်ရပ်ကွက် ပြည်ထောင်စုလမ်းမပေါ်ရှိ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဗုံး‌ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း ဒေသသတင်းရင်းမြစ်များက သတင်းဖော်ပြသည်။

ဓာတ်ပုံ- ဧပြီလ ၁၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင် ကျောင်းကုန်းသင်္ကြန်မဏ္ဍပ်အနီး မိုင်းပေါက်ကွဲစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article