25 C
Yangon

ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဒေသကြီး ၃ ခု ဖွဲ့စည်းပြီး တစ်နိုင်ငံလုံး၏ ၁၅ ရာခိုင်နှုန်းကို လွှမ်းမိုးထား၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက နိုင်ငံ၏ ၃၀ ရာခိုင်နှုန်း စိုးမိုးထားဟု NUG ဝန်ကြီးချုပ် ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၁၈

ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဒေသကြီး ၃ ခု ဖွဲ့စည်းပြီး တစ်နိုင်ငံလုံး၏ ၁၅ ရာခိုင်နှုန်းကို လွှမ်းမိုးထားကာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက နိုင်ငံ၏ ၃၀ ရာခိုင်နှုန်း စိုးမိုးထားကြောင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။

ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးသို့ တင်သွင်းသော အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်းတစ်နှစ်ပြည့် အစီရင်ခံစာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ရေးဆိုင်ရာ CCC ကော်မတီကို ဖွဲ့စည်းပြီး စစ်အာဏာရှင် တော်လှန်ရေး လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုသည်။

“ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee) ကို ဖွဲ့စည်းပြီး စစ်ဒေသကြီး (၃) ခုဖွဲ့စည်းကာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုအသစ်များနှင့် ရှိနှင့်ပြီးတပ်မတော်များ ပူးပေါင်းကာ စစ်ဆင်ရေးနှင့် ပြည်သူ့ကာကွယ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက် နေပါတယ်။ ထို့အတူ ပြည်သူ့ စစ်မဟာဗျူဟာတပ်ဖွဲ့များဖြစ်တဲ့ ပ.က.ဖ များကိုလည်း နိုင်ငံအဝှမ်းဖွဲ့စည်းပြီး ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့များအနေဖြင့် အခြားရှိနှင့်ပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ ထောက်ပံ့ကူညီမှု ဖြင့် တစ်နိုင်ငံလုံး၏ ၁၅ ရာခိုင်နှုန်း ခန့်လွှမ်းမိုးထားနိုင်နေပြီ ဖြစ်ပါတယ်။ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်များသည်လည်း နိုင်ငံ၏ ၃၀ ရာခိုင်နှုန်း စိုးမိုးထားသဖြင့် စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေမှာ တစ်နိုင်ငံလုံး၏ တစ်ဝက်စွန်းစွန်းသာ ကျန်ရှိပါတယ်” ဟု NUG ဝန်ကြီးချုပ်က ပြောဆိုသည်။

NUG ထိန်းချုပ်နယ်မြေများတွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထုကို ကာကွယ်ရေး အတွက် လုပ်ငန်းစဉ်များ ချမှတ်နေကြောင်း ၎င်းက ဆိုသည်။

“ထိန်းချုပ်နယ်မြေများတွင် မဟာမိတ် များနှင့်အတူ မူဝါဒများချမှတ်ကာ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ ပ.အ.ဖ နှင့် ပြည်သူ့ရဲတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းလျက်ရှိပြီး ပြည်သူများ၏ အသက်အိုးအိမ်များ ကာကွယ်နိုင်ရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ကော်မတီများ စနစ်တကျဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိနေပါတယ်။ အခက်အခဲများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် လက်နက်အပြည့်အစုံ တပ်ဆင်နိုင်ရေးမှာ စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရှိနေဆဲပင်ဖြစ်ပါတယ်။ ဒါ့အပြင် မြောက်များလှစွာ သော LDF များနှင့် စနစ်တကျချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် စီမံတဲ့အခါမှာလည်း အခက်အခဲတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ စစ်ရေးဆိုင်ရာ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ကျွန်တော်တို့အနေနဲ့ မဟာမိတ်အဖွဲ့များနှင့် တက်ညီလက်ညီ ပူးပေါင်းရင်း ကျော်ဖြတ်နေကြောင်း လည်း အသိပေးတင်ပြလိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၂၀၂၁ ခုနှစ် မင်အောင်လှိုင် စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသော လွှတ်တာ်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လူထုအစိုးရ အဖြစ်ပေါ်ထွန်းလာခဲ့ခြင်းဖြစ်ကာ သက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article