ရန်ကုန်၊ ဧပြီ ၂၂
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဧပြီလ ၂၂ ရက် ယနေ့နံနက်တွင် လက်နက်ကြီးများ ပစ်ခတ်ကာ ရွာအတွင်းသို့ ဝင်ရောက်ပြီး အများပြည်သူနေအိမ်များကို မီးရှို့နေကြောင်း၊ ရွာသား ၁ ဦး လက်နက်ကြီး ထိမှန်ထားပြီး အချို့ကို ရွာအတွင်း၌ ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ရွာသားတွေ ပြေးနေရတယ်၊ ခွေးတွေက အင်အားတော်တော်များတယ်၊ ရွာသားတွေလည်း ပုန်းအောင်းနေရတာ။ အထိအခိုက် မသိရသေးဘူး၊ အိမ်တွေလည်း မီးရှို့ခံနေရပြီ”ဟု ညောင်ပင်ရှည်ရွာသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ညောင်ပင်ရှည်ရွာကို အကြမ်းဖက်စစ်သားများက ၃ နေရာခွဲ၍ မီးတင်ရှို့နေကြောင်း၊ ရွာသား ၁ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရထားကြောင်း၊ ရွာထဲကျန်နေသည့် ရွာသားအချို့ ဖမ်းဆီးခံထားရကြောင်း ဒေသသတင်းရင်းမြစ် စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုသည်။
စစ်ကိုင်းမြို့နယ်အတွင်း အင်တာနက်လိုင်းများ၊ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရကြောင်းနှင့် ညောင်ပင်ရှည်ရွာကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီး ပစ်ခတ်မှုကြောင့် ရွာသား ထိခိုက်သေဆုံးမှုနှင့် နေအိမ်မည်မျှ မီးလောင်နေခြင်းကို ကနဦး မသိရှိရသေးပေ။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ကိုင်းမြို့နယ်အနောက်မြောက်ဖက်ရှိ သာစည်လေး၊ သာဇင်၊ ဘုရားလှ၊ ညောင်ပင်ရှည်ရွာ များကို မီးတင်ရှို့ဖျက်ဆီးထားပြီဖြစ်သည်။



