ရန်ကုန်၊ ဧပြီ ၂၂
မြန်မာ့ရိုးရာ သင်္ကြန်ကာလ ပြည်ထဲရေးဝန်ကြီးဌာန မဏ္ဍပ်တွင် အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း လာရောက်မှုကို လက်အုပ်ချီ ကြိုဆိုရန် ပြည်ထဲရေးဒုဝန်ကြီး စိုးတင့်နိုင်က အမိန့်ပေးရာမှ ဝန်ထမ်းများက ဝိုင်းအော်ဟစ် ပြဿနာရှာရန်ဖြစ်မှု ဖြစ်ပွားခဲ့ကာ လက်ရှိအချိန်အထိ နောက်ဆက်တွဲ အရေးယူမှုများ ရှိနေကြောင်း ပြည်ထဲရေးအသိုင်းအဝိုင်းထံမှ သိရှိရသည်။
ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ တွင် နေပြည်တော် ရုံးအမှတ် ၃၈ရှိ ပြည်ထဲရေးဝန်ကြီးဌာနမဏ္ဍပ်သို့ အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း နှင့်အဖွဲ့ လာရောက် လည်ပတ်ဖြစ်၍ ပြည်ထဲရေးဒုဝန်ကြီးစိုးတင့်နိုင် စင်ပေါ်တက်ပြီး စိုးဝင်းရောက်ရှိလာပါက အရာရှိကြီးများလက်တင်အလေးပြုရန်၊ ကတော်များလက်အုပ်ချီထားကြိုဆိုရန်၊ ဝန်ထမ်းနှင့်တပ်ဖွဲ့ဝင်ပရိသတ်များလည်း ဒုချုပ်လာရာဘက်လှည့်ပြီး လက်အုပ်ချီထားရန် အမိန့်ပေးရာတွင် လက်အုပ်မချီနိုင်ကြောင်း မဏ္ဍပ်တွင် ရောက်ရှိနေသော ဝန်ထမ်းများ၊ ကတော်များနှင့် တပ်ဖွဲ့ဝင်များက တစ်ယောက်တစ်ပေါက်ပြန်အော်ကြကြောင်း သိရှိရသည်။
“အရာရှိကြီးတွေနဲ့ ကတော်တွေကို ပြောတော့ သူတို့က လိုက်နာကြတယ်။ ဒါပေမယ့် တပ်ဖွဲ့ဝင် ပရိသတ် ကို ပြောတဲ့အခါမှာတော့ ဝိုင်းအော်ကြတော့ စိုးတင့်နိုင် ရှက်ပြီးဒေါသထွက်သွားတယ်။ အဲ့ဒီမှာ တွေ့တဲ့ လူကို ဖမ်းပြီး အချုပ်ထဲထည့်တယ်။ နောက်ပိုင်းသိရတာတော့ ရဲချုပ်ရုံး ရဲတပ်ဖွဲ့ဝင်တစ်ဦး လို့ သိရတယ်။ သူ့ကို စံနမူနာပြအနေနဲ့ အချုပ်ထဲဖမ်းထည့်လိုက်တယ်။ တပ်ဖွဲ့ဝင် ပရိတ်သတ်ကိုလည်း ဆဲဆိုကြိမ်းမောင်းတယ် ” ဟု ပြည်ထဲရေး သတင်းရင်းမြစ်ကပြောသည်။
စိုးဝင်းကို လက်အုပ်ချီကြိုဆိုရန် စေခိုင်းသည့်အတွက် တပ်ဖွဲ့ဝင်များက သင်္ကြန်မဏ္ဍပ်မှ ထပြန်မည်ပြုသဖြင့် စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်၏ ကတော် နီလာစိန်က ဝင်ရောက် ချော့မော့ရကြောင်း သိရှိရသည်။
“နီလာစိန် က စိုးတင့်နိုင်က စစ်သားမို့ စကားပြောမတတ်တာ ဆိုပြီး ပရိသတ်ကို ပြန်ပြောပြီး ချော့တယ်။ မပြန်ကြပါနဲ့ပေါ့” ဟု သတင်းရင်းမြစ်ကပြောသည်။
အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းနှင့်အဖွဲ့လာရောက်ချိန်တွင် အရာရှိများနှင့် ကတော်များမှလွဲ၍ ကျန်တပ်ဖွဲ့ဝင်များက မည်သူကမှ လက်အုပ် မချီကြကြောင်း သိရှိရသည်။
ပြည်ထဲရေးမဏ္ဍပ်တွင် လူစည်ကားသယောင် ပုံဖော်နိုင်ရန် သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ အကျဉ်းဦးစီးဌာန၊ မီးသတ်၊ ရဲ၊ ထွေအုပ်၊ စသုံးလုံးဌာနများမှ Non CDM ဝန်ထမ်း/တပ်ဖွဲ့ဝင် အင်အား၃၀၀၀ မဖြစ်မနေ နေ့စဉ် တက်ရောက်ရေကစားရန် ဒေါ်နီလာစိန်က စီစဉ်ညွှန်ကြားခဲ့ကြောင်း၊ အရာရှိနှင့်အရာရှိကတော်များကိုလည်း သူ၏ လုပ်ငန်းဖြစ်သော Smart အမှတ်တံဆိပ်အင်္ကျီများကို နေ့/ညအလိုက် အရောင်ဒီဇိုင်းသတ်မှတ်ဝယ်ယူ ဝတ်ဆင်တက်ရောက်စေခဲ့ကြောင်း၊ ဒေါ်နီလာစိန်ပိုင်ဆိုင်သော Green Gate စားသောက် ဆိုင်မှ အစားအသောက်များကို မတန်တဆဈေးဖြင့်ဝယ်ယူစေပြီး တစ်ဖက် လှည့်ဖြင့်ပရိသတ်ကိုပြန်လည်ဧည့်ခံစေခဲ့ကြောင်း၊ ထို့အပြင် ဒေါ်နီလာစိန် က သင်္ကြန်မဏ္ဍပ်တွင် ဝင်ရောက် ပျော်ပါး ကခုန်ခြင်းမရှိသည့် အရာရှိကတော်များ၊ သက်ကြီးရွယ်အိုများပါမကျန် ဆဲဆိုကြိမ်းမောင်းခြင်း၊ ငြူစူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။