25 C
Yangon

ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၂ရွာကို စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီး၊ စစ်ရှောင် ပြည်သူများကိုလည်း လက်နက်ကြီးဖြင့် လိုက်လံ ပစ်ခတ်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းရှိ ရုံးပင်ကုန်းနှင့် သစ်ဆိပ့်ရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၅ ရက်နေ့တွင် ဝင်ရောက် စီနင်း မီးရှို့ဖျက်ဆီးနေပြီး စစ်ဘေးရှောင်ရန် ထွက်ပြေး တိမ်းရှောင်သည့် ပြည်သူများကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် လိုက်လံ ပစ်ခတ်နေကြောင်း နယ်မြေခံ သတင်း ရင်းမြစ်ဖြစ်သည့် စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

ယင်း အကြမ်းဖက် စစ်တပ်သည် ရုံးပင်ကုန်းကျေးရွာကို ဧပြီလ ၂၄ ရက်နေ့ ညပိုင်းက ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်းမှ ထွက်ပြေး တိမ်းရှောင်သည့် ပြည်သူများကို လက်နက်ကြီးများဖြင့် လိုက်လံ ပစ်ခတ် ပြီးနောက် ကျေးရွာအတွင်း၌ တပ်စွဲ နေထိုင်ခဲ့ကာ ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် သေနတ် ပစ်ဖောက်သံများ ဆက်တိုက်ကြားရပြီးနောက် ရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် သစ်ဆိပ့်ကျေးရွာကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည့် ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် ကျေးရွာကို ဝင်ရောက် စီးနင်းပြီး မီးရှို့နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

” စစ်ကြောင်းက ၂ကြောင်းလာတာ ၁ကြောင်းက ရုံးပင်ကုန်းရွာကို ဝင်နေတယ်။ နောက်တစ်ကြောင်းက သစ်ဆိပ့်ရွာကို ဝင်နေတယ်။ ၂ရွာလုံး မီးရှို့ဖျက်ဆီး ခံရတယ်။ ပြည်သူတွေလည်း ရွာလုံးကျွတ်ကို ပြေးနေရတာ ရုံးပင်ကုန်းက ထွက်ပြေးတဲ့ ပြည်သူတွေဆို လက်နက်ကြီးနဲ့ပါ လိုက်ပစ်ခံရတယ်။ ကျေးရွာ ၂ရွာလုံးမှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေရှိတယ်။ အရေအတွက် အထိအကျနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေတော့ မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ရုံးပင်ကုန်းနှင့် သစ်ဆိပ့်ရွာရှိ ဒေသခံပြည်သူ တချို့ကို အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကာ ရိုက်နှက် နှိပ်စက်မှုများ ပြုလုပ်နေပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကျေးရွာအတွင်းမှ ထွက်ပြေး လွှတ်မြောက် လာသည့် ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧပြီလ ၂၄ ရက်တွင် မတ္တရာနယ် မြွေတလိုင်းမှ ရေကြောင်းဖြင့် ဝက်လက်မြို့နယ် ရှိမ်းမကားကို အင်အား ၁၅၀ခန့်‌ဖြင့် ရောက်ရှိလာခြင်းဖြစ်ကာ စစ်ကြောင်း ၂ကြောင်းခွဲပြီး ကျေးရွာ များကို ဝင်ရောက် စီးနင်း ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article