ရန်ကုန်၊ ဧပြီ ၂၆
စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ်မှ ရဲဘော် ၃၀ ဦးကို ရခိုင့်တပ်တော် AA က စစ်ပညာသင်ပေးသည့်အပြင် လက်နက်ခဲယမ်းများပါ ထောက်ပံ့ကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်သည်။
AA ထံတွင် စစ်ပညာသင်ယူပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း မိခင်တပ်ရင်း CDF မင်းတပ်ထံ ရဲဘော်များ ပြန်လာနေသည့် ဗီဒီယိုကို CDF မင်းတပ်က ယနေ့ ထုတ်ပြန်သည်။
အဆိုပါ ရဲဘော် ၁၅ ဦးသည် ဒုတိယအသုတ် စစ်ပညာသင်ယူသည့် ရဲဘော်များဖြစ်ပြီး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDF မင်းတပ်ထံ ပြန်လည်ရောက်ရှိခဲ့ကြောင်း CDF မင်းတပ် ကဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF မင်းတပ်ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်လာနေခြင်းကြောင့် စစ်ပညာပိုင်း အားနည်းသည့်အတွက် AA ထံတွင် စစ်ပညာသင်ယူရန် စွန့်စားခဲ့ရကြောင်း၊ နည်းလမ်းပေါင်းစုံ၊ နေရာပေါင်းစုံသို့ သွားရောက်ခဲ့ကြကြောင်း CDF မင်းတပ်က ထုတ်ပြန်ထားသည်။



