25 C
Yangon

ဝန်းသိုတွင် စစ်တပ်က ကျေးရွာ၇ရွာကို မီးရှို့ဖျက်ဆီး ပြည်သူပိုင် နေအိမ် ၁၄၈ လုံး ပြာကျ၊ ခင်ဦး သံဘိုရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး ရွာလုံးကျွတ် ပြာကျ၊ ဝက်လက် အရှေ့ဘက်ရှိ ရွာများကိုလည်း စစ်တပ်က အင်အားသုံးပိတ်ဆို့ပြီး မီးရှို့ဖျက်ဆီးရန်ပြုလုပ်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း ဝန်သိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၃ ရက်နေ့မှ စတင်ကာ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို ဝင်ရောက် စီးနင်းနေပြီး ကျေးရွာ ၇ရွာက ပြည်သူပိုင် နေအိမ် ၁၄၈ လုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် ရှမ်းစုရွာမှ ၁၁ အိမ်၊ စိန်လည်ရွာမှ ၄၅ အိမ်၊ သပြေသာရွာမှ ၃၁အိမ်၊ အောင်ကုန်းရွာမှ ၂၆အိမ်၊ ဥသျှစ်ခုံရွာမှ သီလရှင်ကျောင်း တစ်ကျောင်းနှင့် နေအိမ် ၃၃ လုံး၊ ကျောက်ပါက်ခုံရွာကို လက်နက်ကြီးကျ၍ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဖန်းခါးခုံရွာမှ နေအိမ် ၁လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ပြည်သူများ စုဆောင်းထားသော စပါးတင်းပေါင်း ၉၁၁၂၀ တင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရှမ်းစုရွာမှ ပြည်သူ ၉၄ဦး၊ စိန်လည်ရွာမှ ပြည်သူ ၃၅၂ဦး၊ သပြေသာရွာမှ ပြည်သူ ၂၀၆ဦး၊ အောင်းကုန်းရွာမှ ပြည်သူ ၁၃၅ဦး၊ ကျောက်ပေါက်ခုံရွာ မှ ပြည်သူ ၁၄၅ဦး၊ အုပ်သျှစ်ခုံရွာမှ ပြည်သူ ၂၁၅ဦးတို့သည် လက်ရှိချိန်တွင် ကျေးရွာများအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သံဘိုရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ ဧပြီလ ၂၆ ရက်နေ့ နံနက် ၄နာရီခန့်တွင် ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” ဒီနေ့ နံနက် ၄ နာရီဝန်းကျင်မှာ စစ်ခွေး အင်အား၂၀၀ကျော်လောက်နဲ့ လာပြီး မီးရှို့လို့ တစ်ရွာလုံးပြာကျသွားပါပြီ၊ ကျွန်တော်တို့ သံဘိုရွာဘေးက မကျီးတုံရွာပျူတွေနဲ့လာပြီး ရှို့တာ” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

လက်ရှိချိန် အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်း၌ တပ်စွဲထားပြီ ဒေသခံ ပြည်သူများ ကျေးရွာအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ဘက်ရှိ ရွာများကို အကြမ်းဖက် စစ်တပ်မှ ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် အင်အားသုံး ပိတ်ဆို့ထားသည့်ပြီး မီးရှို့ ဖျက်ဆီးရန် ပြုလုပ်နေကာ ကျေးရွာအတွင်းရှိ ပြည်သူများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“အရှေ့မြစ်ရိုးကနေရော ပြီးတော့ အနောက်ဘက်ကုန်းလမ်းဘက်ကပါ အင်အား ၃၀၀ နီးပါးနဲ့ ပိတ်ထားနေပါတယ်ဗျ။ အင်အား သုံးရာက စစ်ခွေးပဲ။ PDF တွေရှိတယ်ဆိုတဲ့ ရွာတွေကို အဓိကထားပြီး ညပိုင်းလောက်ဆို ရွာတွေကို မီးရှို့ဖို့ စီစဉ်နေတယ်။ နံနက်ကတော့ သမန်းကျင်းရွာက ပြည်သူ တစ်ဦးအိမ်ကို မီးရှို့သွားတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီဝင်များသည် လက်ရှိအချိန်တွင် သရိုင်ရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး မင်းကုန်းကျေးရွာ၊ ချောင်းမကြီးကျေးရွာ၊ ဆားတောင်ကြီးရွာ၊ မှတ်ထိကျေးရွာများမှ ပြည်သူများသည် လက်ရှိချိန်တွင် တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရကာ ယနေ့ နံနက်ပိုင်းတွင်လည်း လက်နက်ကြီးနှင့် မင်းကုန်းရွာဘက်သို့ သရိုင်ရွာ တောကျောင်းမှ ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

Photo – ဝန်းသိုတွင် အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ပြည်သူပိုင် နေအိမ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article