25 C
Yangon

DKBA မှ ဗိုလ်စလုံးနှင့် တပ်သား ၂၀၀ ကျော် KNDO ထံ ကူးပြောင်း၊ KNDO ၏ ကွန်မန်ဒိုတပ်ရင်းတွင် ဗိုလ်စလုံး ဦးဆောင်မည်ဟု ဗိုလ်မှူးချုပ် နယ်ဒါးမြပြော

Must read

ရန်ကုန်၊ ဧပြီ ၂၆

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA မှ ဗိုလ်စလုံးနှင့် တပ်သား ၂၀၀ ကျော်သည် ဗိုလ်မှူးချုပ်နယ်ဒါးမြ ဦးစီးသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ထံ ကူးပြောင်းလာကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မြဝတီခရိုင်၊ ဖလူးကျေးရွာအခြေစိုက် ဗိုလ်စလုံးနှင့်အဖွဲ့သည် လေးကေ့ကော်ဒေသတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသော အဖွဲ့လည်းဖြစ်သည်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကို လက်ရှိတွင် ဗိုလ်ချုပ်ကြီး စောစတီးမှ ဦးဆောင်နေပြီး အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်ဆက်နွယ်မှုများ ရှိနေကြောင်း ကရင်တပ်ဖွဲ့များက ပြောဆိုနေကြသည်။

ဖလူးလေးကျေးရွာအခြေစိုက် DKBA မှ ဗိုလ်စလုံးနှင့် အဖွဲ့မှာမူ လေးကေ့ကော်တိုက်ပွဲများကြောင့် တိမ်းရှောင်လာသည့် စစ်ရှောင်များ၊ pdf များကို ၎င်း၏စခန်းတွင် ခိုလှုံခွင့် ပေးထားခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ခံရပြီး ဖလူးလေးကျေးရွာရှိ စခန်းကို လက်လွှတ်ခဲ့ရသည်။

KNLA၊ ဗိုလ်စလုံးအဖွဲ့နှင့် PDF များက ဖလူးလေးကျေးရွာစခန်းကို ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီက ထပ်မံ ထိုးစစ်ဆင်လာမှုများကြောင့် နောက်တကြိမ် လက်လွှတ်ခဲ့ရသည်။

ယနေ့ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာသော ဗီဒီယိုတွင် ဗိုလ်စလုံးကို ဗိုလ်မှူးချုပ်နယ်ဒါးမြက KNDO တပ်ဖွဲ့ဝတ်စုံနှင့် ၂ ပွင့်အဆင့်ရှိ ရာထူးချီးမြှင့်နေပုံကို တွေ့မြင်ရပြီး ဗိုလ်စလုံးနှင့် တပ်ဖွဲ့ကို KNDO ၏ ကွန်မန်ဒိုတပ်ရင်းအဖြစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်နယ်ဒါးမြက ကရင်ဘာသာစကားဖြင့် ပြောဆိုထားသည်။

၂၀၂၁ ခုနှစ် မေလတွင် လူ ၂၅ ဦး သတ်ဖြတ်ခံခဲ့ရသည့် ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU က KNDO ဗိုလ်ချုပ်ကြီး နယ်ဒါးမြကို ရာထူးချကာ တာဝန်ကိုလည်း ရပ်ဆိုင်းထားခဲ့ပြီး လက်ရှိအချိန်တွင် ဗိုလ်ချုပ်ကြီးနယ်ဒါးမြသည် KNDO တွင် မည်သည့်တာဝန်ထမ်းဆောင်နေခြင်းကို ရန်ကုန်ခေတ်သစ်က သီးခြားအတည်မပြုနိုင်သေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article