ရန်ကုန်၊ ဧပြီ ၂၉
အကြမ်းဖက်စစ်ကောင်စီ စစ်သားများ၊ ရဲများနှင့် ပျူစောထီး စုစုပေါင်းအင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော မကွေးတိုင်း၊ ရေစကြိမြို့နယ်၊ ပခန်းငယ်ကျေးရွာရှိ ရဲစခန်းကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ ဧပြီလ ၂၈ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၄ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း 27 Revolution Force-မြင်းခြံ အဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ ပခန်းငယ်ရဲစခန်းသည် ဘန်ကာနှင့် ဆက်သွယ်ရေးတူးမြောင်းများ အခိုင်အမာ ပြုလုပ်ထားကာ စက်လက်၊ စနိုက်ပါပစ်စင်နှင့် စခန်းအခြေအတွင် မြေမြှုပ်နင်းမိုင်းများဖြင့် ပြုလုပ်ထားသည့်အတွက် တော်လှန်ရေးမဟာမိတ်အဖွဲ့များမှ RPG ၂ လုံး၊ 40 မမ ၇ လုံး၊ စက်လက်နှင့် လက်နက်ငယ် အများအပြားဖြင့်ပစ်ခတ်ပြီး ချည်းကပ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိကြောင်း၊ စခန်းကို သိမ်းပိုက်ရရှိခါနီးတွင် စစ်ကူ စစ်ကား ၃ စီး ရောက်ရှိလာသောကြောင့် တော်လှန်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း 27 Revolution Force-မြင်းခြံ အဖွဲ့ကဆိုသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု အသေးစိတ်နှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပခန်းငဘ်ရဲစခန်းကို 27 Revolution Force၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃၊ Myaung Special People’s Defense Force (MSPDF)၊ 11 Brothers Revolution Force၊ မြောင်မြို့နယ်ကျေးရွာတပ်ပေါင်းစု၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ Thwaythauk Revolution Force၊ ဒေါင်းညီနောင်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဓါတ်ပုံ – ယမန်နှစ် ပခန်းငယ်ရဲကင်းစခန်း PDF များဝင်စီးစဉ်။