39 C
Yangon

ဒီမော့ဆိုးတွင် စစ်သား ၃ ဦးသေဆုံးပြီး စစ်တပ်က သတ်ဖြတ်သည့် အဘွားအိုအလောင်းတွေ့ရှိရ၊ ဖောင်းပြင်တွင် စစ်သား ၁၅ သေဆုံးပြီး ပျူစောထီးအဖွဲ့ကို မဘသ ဘုန်းကြီးဦးဆောင်နေ၊ PDF က ပြည်သူ ၈၀ ကျော်ကို ကယ်ထုတ်၊ ထီးလင်းတွင်လည်း တိုက်ပွဲများဖြစ်

Must read

ရန်ကုန်၊ မေ ၁

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာတွင် ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး စစ်တပ်က သတ်ဖြတ်သွားသည့် အသက် ၇၀ ကျော် အဘွားအိုတစ်ဦး၏ အလောင်းကို တွေ့ရှိရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒီးမော့ဆိုက သတင်းထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး ငါးဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ် ရေးတပ်(DMO Local PDF)က မေလ ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

DMO Local PDF တပ်ဖွဲ့ ဗျူဟာ(၁)တပ်ခွဲအချို့၊ အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းရှိ တပ်ခွဲအချို့နှင့် KRU တပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၃၀ရက်နေ့ မွန်းလွဲ ၂နာရီအချိန် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက် ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ငါးဦးခန့်ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်စစ်တပ်က ဒေသခံလူထုနေအိမ်တစ်လုံးကို မီးရှို့ခဲ့ ကြောင်း သိရှိရသည်။

ဒီးမော့ဆိုတွင် ဧပြီ ၂၉ ရက်နေ့ ဒေသကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းစဉ် စစ်တပ်က ရက်စက်စွာ သတ်ဖြတ်ခဲ့သော အသက် ၇၃နှစ်အရွယ် ဒေါ်ရောဇော၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ၊ ရုပ်အလောင်းကို ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း ၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဝတ်စုံနှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ၊ ဖောင်းပြင်တွင် ဧပြီလ ၂၈ ရက်နေ့ မှစတင်ပြီး ဒေသကာကွယ်ရေးတပ်များနှင့် စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကြောင်း သိရှိရသည်။

ဧပြီ ၂၈ ရက်နေ့ နံနက်(၅)နာရီအချိန် စစ်တပ်က ကျောက်ဆောင်စစ်ဆေးရေးဂိတ်နှင့် ဖောင်းပြင် ပကဖ စခန်းများကိုလက်နက်ကြီးပစ်ကူဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီးအပြင်စစ်ဘေးရှောင် ပြည်သူများနေသည့် စစ်ရှောင်စခန်းကို ၀ိုင်းထားကြောင်း၊ အင်အား ၇၀ ပါ စစ်တပ် စစ်ကြောင်းသည် မြင်သာရွာမှ အရွယ်မရောက်သေးသည့် ကလေးများကိုပါလူသားတံတိုင်းအဖြစ်အသုံးပြုပြီးနောင်စကန်၊ရွှေထီးကုန်းလမ်းအတိုင်းချီတက်လာခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် တိုက်ပွဲဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုမိနစ် ၄၀ ခန့်ကြာကာ စစ်သား ၁၅ ဦးသေဆုံးကြောင်း၊တိုက်ပွဲဖြစ်ပွားမှု ၃ နေရာတွင် ဖောင်းပြင် ဒေသကာကွယ်ရေးတပ်ဘက်မှ ကျဆုံး ရဲဘော် ၂ ဦးရှိကြောင်း၊ စစ်တပ်နှင့်အတူ ရှမ်းနီအမျိုးသားတပ်မတော်(SNA)မှ စိုင်းပြူး၏ တပ်များ ပါဝင်တိုက်ခိုက်ကြောင်း သိရှိရသည်။

စစ်တပ်သည် သညစ်ကျေးရွာအုပ်စု၊ ဟာပါရွာမှ ဉာဏ်ဌေးလင်း၏ နေအိမ်နှင့် ဖိုးတုတ်၏ နေအိမ်ကို မီးရှို့သွားကြောင်း၊ ဧပြီ ၂၉ ရက်နေ့ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ဖောင်းပြင်မြို့နယ်၏ သံဃာ့နာယက ဥက္ကဌလည်းဖြစ်၊ မဘသ ဥက္ကဌလည်းဖြစ်သည့် ရွှေညောင်ပင်ဆရာတော်ကြီး ဦးဇဝန ကျောင်းတွင် စုဖွဲ့နေကြသည့် စစ်တပ်နှင့်ပျူစောထီးများကို ဖောင်းပြင် PDF ကသွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က ၀ိုင်းထားသည့် စစ်ဘေးရှောင်ကလေးများ အပါအဝင်ရွာသား ၈၀ ကျော်ကိုဘေးလွတ်ရာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်း မကွေးတိုင်း၊ ထီးလင်းမြို့နယ် အုန်းတွဲရွာမှ ငါးဆင်းရွာသို့ ဒရုန်းဖြင့်ကင်းထောက်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်‌အုပ်စုကို PDF-HTILINက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ထိတွေမှု့ ၄၅ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နံနက်၁၀နာရီခွဲအချိန်ခန့်တွင် ငါးဆင်း‌ရွာသို့စစ်အုပ်စုများရောက်ရှိလာရာ ပ-က-ဖ ကင်းထောက်တပ်ဖွဲ့ဖြင့် ထပ်မံထိတွေ့မှု့ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ငါးဆင်းသို့ရောက်ပြီး ပါးမျဉ်းရွာသို့ဆက်လက်ထွက်ခွာသော စစ်တပ်ကို လက်နက်အင်အားမမျှသဖြင့် PDF-HTILINက နောက်ဆုတ်လိုက်ကြောင်း၊ ထို့နောက် အသင့်ပြုလုပ်ထားသော တိုက်မိုင်း၊နင်းမိုင်းများဖြင့်သာ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများနိုင်‌ သော် လည်း အတိအကျမသိရှိကြောင်း၊ လက်နက်အင်အားမမျှသဖြင့် PDF-HTILIN တပ်ဖွဲ့မှ ဒုတပ်ခွဲမှူး လက်နက်ကြီးစထိမှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း PEOPLE’S DEFENCE FORCE-HTILIN က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article