25 C
Yangon

မြန်မာပြည်သူတွေကို နှစ်ပေါင်း ၃၀ ကျော်ကျန်းမာရေး ကူညီစောင့်ရှောက်ပေးသူ ဒေါက်တာစင်သီယာမောင် 2022 Gwangju Prize for the Human Rights (GPHR) ဆုချီးမြှင့်ခံရ

Must read

ရန်ကုန်၊ မေ ၃

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာ စစ်ဘေးရှောင်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဒုက္ခသည်တွေကို နှစ်ပေါင်း ၃၀ ကျော် ကျန်းမာရေး ကူညီ စောင့်ရှောက် ကာကွယ်ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်ကို တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ အဖွဲ့နှစ်ခုက 2022 Gwangju Prize for the Human Rights (GPHR) ဆုကို ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

မေလ ၃ ရက်နေ့ မှာ တောင်ကိုရီးယား အခြေစိုက် The May 18 Memorial Foundation နဲ့ 2022 Gwangju Prize for the Human Rights Selection Committee က ဒီဆုကို ချီးမြှင့်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာ စင်သီယာမောင်က ထိုင်း-မြန်မာ နယ်စပ်မှာ မယ်တော် ဆေးခန်း တည်ထောင်ခဲ့ပြီး စစ်ဘေးရှောင်တွေကို ကာကွယ်စောင့်ရှောက်ကာ သူတို့ရဲ့အနာဂတ်ကို ပြောင်းလဲပေးဖို့ ကြိုးစားနေတာဖြစ်လို့ GPHR ဆုကို ပေးအပ်ချီးမြှင့်ခံရတာလည်းဖြစ်ပါတယ်။

2022 GPHR Selection Committee က ” မြန်မာနိုင်ငံ စစ်ကောင်စီရဲ့ ရက် စက်ကြမ်းကြုတ်တဲ့ ခြောက်လန့်မှုတွေကို အန်တုပြီး ဒေါက်တာစင်သီယာရဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးလှုပ်ရှားမှုတွေပို စဥ်ဆက်မပြတ် ကြိုးစား အားထုတ်လုပ်ဆောင်နေတာတွေဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ ဒီမိုကရေစီ အသိုင်းအဝိုင်းတွေမှာ ကျင်လည် လုပ်ဆောင်နေတဲ့လူတွေအတွက် စံနမူနာကောင်းတစ်ခု ဖြစ်လာနိုင်လို့ ရွေးချယ်ခဲ့တာပါ။ မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှု နဲ့ ကူညီထောက်ပံ့မှုတွေက နိုင်ငံရဲ့ ကြမ်းတမ်းတဲ့ ဒီမိုကရေစီလျှောက်လမ်းအတွက် အင်အားတွေအများကြီးရပြီး အကူအညီရဖို့မျှော်လင့်ပါတယ်”လို့ ဆုရွေးချယ်ချီးမြှင့်ရတဲ့ အကြောင်းအရင်းကို ထုတ်ပြန်ပါတယ်။

၁၉၅၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဒေါက်တာ စင်သီယာမောင်က မြန်မာနိုင်ငံဖွား ကရင်တိုင်းရင်းသူဖြစ်ပါတယ်။

၁၉၈၅ ခုနှစ်မှာ ရန်ကုန်ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရရှိခဲ့ပြီး ၁၉၈၈ အရေးအခင်းမှာလည်း ပါဝင်လှုပ်ရှားသူတစ်ယောက်ဖြစ်ခဲ့တာပါ။

၁၉၈၈ အရေးအခင်းက စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ် သတ်ဖြတ်မှုတွေကြောင့် မြန်မာ-ထိုင်းနယ်စပ်ကို ထွက်ပြေးခဲ့ရပြီး ၁၉၈၉မှာ မြန်မာ-ထိုင်းနယ်စပ်မှာပဲ ပြည်တွင်းစစ်ကြောင့် ထိခိုက်ခံစားနေရတဲ့ စစ်ဘေးရှောင်တွေနဲ့ မြန်မာပြည်သူတွေအတွက် မယ်တော်ဆေးခန်းကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့တယ်။

မယ်တော်ဆေးခန်းမှာ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာသူတွေကို အခမဲ့ ကုသပေးခဲ့ပြီး ကလေးသူငယ်၊ အမျိုးသမီး၊ရွှေ့ပြောင်းနေထိုင်သူ စတဲ့ လူနည်းစုတွေ လူ့ အခွင့်အရေး အပြည့်အဝရဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

ဒေါက်တာစင်သီယာမောင်က Magsaysay Award for community leadership, Catalonia International Prize တွေကို ရရှိထားတဲ့အပြင် ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက်လည်း ဇကာတင်ပါဝင်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါတယ်။

2022 Gwangju Prize for Human Rights ဆုပေးပွဲကို မေလ ၁၈ရက်နေ့ ညနေ ၆နာရီ ကိုရီးယားနိုင်ငံ Gwangju မြို့ The May 18 Democracy Square မှာကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး The May 18th Memorial Foumdation ရဲ့ Youtube ကနေ Live ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

The May 18th Foundation ရဲ့ ဥက္ကဌ Jung Donghyun ကတော့ “ကျွန်တော် ဒေါက်တာ စင်သီယာမောင်ရဲ့ သူ့ဆေးခန်းအတွက် ကြိုးစားအားထုတ်လုပ်ဆောင်မှုတွေကို လေးစားတယ် ပြီးတော့ သူတို့ တွေ့ကြုံနေရတဲ့ ငွေကြေး၊ ပတ်ဝန်းကျင်အခက်အခဲတွေအကုန်လုံးကိုကျော်လွှားနိုင်ပြီး သူတို့ရဲ့ ဘဝတွေကို ပြောင်းလဲပေးနိုင်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော် ဒေါက်တာ စင်သီယာ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းတွေမှာ ဆက်လက် ကူညီထောက်ပံ့ချင်ပါတယ်” လို့ပြောဆိုပါတယ်။

ဓာတ်ပုံ- ဒေါက်တာစင်သီယာမောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article