25 C
Yangon

ခင်ဦး အင်းပတ် ကျေးရွာသား ၁ ဦးကို စစ်တပ်က မီးရှို့သတ်၊ အင်းပတ်ရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးရှို့မှုကြောင့် နေအိမ် ၃၀၅လုံး ပြာကျ၊ ကန့်ဘလူ ကိုးတောင်ဘို့ရွာရှိ ပြည်သူပိုင် ဆန်စက် နေအိမ်များကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ရွာကို စစ်တပ်က မေလ ၂ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံ ပြည်သူ အမျိုးသား ၁ ဦးကို မီးရှို့ သတ်ဖြတ်ကာ ပြည်သူပိုင် နေအိမ် ၃ဝ၅လုံး မီးရှို့ ဖျက်ဆီးလိုက်ကြောင်း ဒေသသတင်းရင်းမြစ်ဖြစ်သည့် ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် အင်းပတ်ကျေးရွာကို မေလ ၂ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၂၅မိနစ်အချိန် မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေ ၃ နာရီခန့်တွင် ပြန်လည် ထွက်ခွာသွားကြောင်း၊ ပြည်သူ ၁ ဦးကို မီးရှို့ သတ်ဖြတ်ခံရပြီး ပြည်သူပိုင် နေအိမ် ၃၀၅လုံးကို မီးရှို့ဖျက်ဆီးကြောင်း၊ ခိုင်းနွား ၁၀ကောင်၊ ရေစုပ်စက်၊ စပါးမှုတ်စက်၊ ထွန်စက် ၂၀လုံးနှင့် ဆိုင်ကယ်၊ စက်ဘီး ၄၀စီးတို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်တပ်က သတ်ဖြတ်သွားသူသည် အလောင်း ရုပ်ပျက်ဆင်းပျက် ပြာကျသွား၍ မည်သူ မည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးဘဲ ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ခင်ဦးမြို့နယ် အတွင်းရှိ ကြာပင်အိုင်ကျေးရွာ၊ သရက်ကန်ကျေးရွာ၊ အင်တိုင်းလေးကျေးရွာနှင့် မူးသာကျေးရွာ တို့ကိုလည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများ၊ အိမ်မွေး တိရစ္ဆာန်များကို ခိုးယူ သွားကြောင်း သိရှိရသည်။

လက်ရှိအချိန် အင်းပတ်ကျေးရွာသားများအားလုံး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရပြီး ကျေးရွာနေ ပြည်သူ ၂၀၀၀ ခန့်သည် စားသောက် နေထိုင်ရေးအတွင် ခက်ခဲနေကြောင်း၊ အကူအညီတချို့သာ ရရှိနေပြီး ပြည်သူလုထု တစ်ရပ်လုံးအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုများဖြင့် ကူညီ ထောက်ပံ့မှုများ အရေးပေါ်ကူညီကြရန် မေတ္တာရပ်ခံထားကြသည်။

အလားတူ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာကိုလည်း စစ်တပ်နှင့် ပျူစောထီးများက မေလ ၂ရက်နေ့ ညအချိန်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် ဆန်စက် ၁လုံးနှင့် ကွက်သစ်ရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် kawlin info အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ယနေ့ နံနက်ပိုင်းတွင် ကိုးတောင်ဘို့ရွာနှင့် ကောလင်းကြားရှိ တောင်ရိုးကို လက်နက်ကြီးဖြင့် အချက် ၅၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး အနီးအနားပတ်ဝန်းကျင်မှ ရွာသားများအားလုံး ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းမီးရှို့ခဲ့သော ခင်ဦး အင်းပတ်ကျေးရွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article