25 C
Yangon

အယောင်ဆောင် CDM လုပ်သည့် သူလျှို ၃ ဦး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော

Must read

ရန်ကုန်၊ မေ ၄

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ERO များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF များထံ CDM ပြုလုပ်သူ အယောင်ဆောင်၍ သူလျှို လုပ်သည့် စစ်ကောင်စီဘက်တော်သား ၃ ဦးကို ဖော်ထုတ်နိုင်ပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းသည့်အစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“CDM လုပ်တယ်ပဲ ပြောပြော ပြည်သူနဲ့ ပူးပေါင်းတယ်ပြောပြောပေါ့ဗျာ၊ ပြည်သူ့ဘက်တော်သားဖြစ်လာတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ ၁ ဦးချင်းစီကို ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အလုပ်အဖွဲ့ ၁ခုကနေ အင်တာဗျူးတာ ရှိပါတယ်။ အခုအချိန်ထိဆိုလို့ရှိရင် ဒလန်၊ သူလျှို သဘောမျိုးနဲ့ ဝင်လာတဲ့ ၃ ယောက်ကို ဖော်ထုတ်နိုင်တယ်။

အများစုကတော့ တကယ်စိတ်ရင်းအမှန်နဲ့ ပြည်သူနဲ့ ပူးပေါင်းလာသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ အခုလို ပြည်သူနဲ့ ပူးပေါင်းလာပြီးတဲ့အချိန်မှာလည်း အများစုက ပြည်သူ့တော်လှန်ရေးမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲဆိုပြီး ပြင်ဆင်နေတဲ့ ရဲဘော်တွေလည်း အများကြီး ရှိပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

အဆိုပါ သူလျှို ၃ ဦးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ၁ ယောက် ဖော်ထုတ်ရရှိပါတယ်၊ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ၂ ယောက် ဖော်ထုတ်ရရှိပါတယ်။ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာတော့ အခုချိန်ထိ အဲလိုမျိုး မရှိသေးဘူး။ လက်ရှိမှာတော့ ဒေသခံတော်လှန်ရေး အဖွဲ့တွေကပဲ ယာယီအချုပ်ခန်း ဆောက်ပြီးတော့ ထိန်းသိမ်းထားပါတယ်” ဟု ဦးရည်မွန်က ရှင်းပြသည်။

လက်ရှိတွင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး CDM ပြုလုပ်လာသူ စစ်သား ၃,၀၀၀ ဝန်းကျင်နှင့် ရဲတပ်ဖွဲ့ဝင် ၇,၀၀၀ ဝန်းကျင်ရှိကြောင်း ပြည်သူ့ပန်းတိုင်အစီအစဉ်မှ CDM ဗိုလ်ကြီး ညီသုတက ပြောဆိုသည်။

ယင်းအပြင် CDM ပြုလုပ်ရန် စာရင်းသွင်းထားသူ ၃,၀၀၀ ဝန်းကျင်ရှိနေသလို CDM မပြုလုပ်သော်လည်း စစ်ကောင်စီမှ စွန့်ခွာပြီး သီးသန့်နေထိုင်နေသူ အမြောက်အများရှိကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ထံမှ သိရှိရသည်။

ဓါတ်ပုံ – ရှေ့တန်းတနေရာတွင် တွေ့ရသည့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article