ရန်ကုန်၊ မေ ၁၆
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ဒုတိယ အကြိမ်မြောက် ရွာလုံးကျွတ် မီးရှို့ဖျက် ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယမန်နေ့များက အင်းပတ်ကျေးရွာကို ပထမအကြိမ် မီးရှို့ပြီးနောက် ယနေ့တွင်လည်း ဒုတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ကျေးရွာအတွင်း၌ ပြည်သူပိုင် နေအိမ် ၆၀၀ ကျော်ခန့်ရှိပြီး ပထမ အကြိမ် မေလ ၂ ရက်နေ့ စစ်တပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ အိမ်ခြေ ၂၀၀ ကျော်ခန့်သာ ကျန်ရှိချိန် ယခု ဒုတိယအကြိမ်မြောက်အဖြစ် စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။
အင်းပတ်ရွာကို ဒုတိယအကြိမ် မီးတင်ရှို့နေသော အကြမ်းဖက် စစ်တပ်ကို Khin U People defence force က ယနေ့ မွန်းလွဲပိုင်းတွင် အင်းပတ်ရွာထိပ်နှင့် ရွာအရှေ့ဘက် တို့တွင် ဒရုန်းဖြင့် ဗုံးချခြင်း မိုင်းဆွဲ တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ပြီး စစ်သား ၄ ဦးခန့် သေဆုံးနိုင်ကြောင်း သိရသည်။
” ဒီနေ့ အင်းပတ်ရွာကို မီးရှို့ဖို့လာတဲ့ စစ်ခွေးတွေကို ရွာထိပ်မှာ KUPDFနဲ့ မဟာမိတ်တွေက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တယ် အဲမှာ စစ်ခွေး ၄ ကောင်လောက် နေရာမှာ လဲကျသွားတယ်။ ၄ ဦးလောက် ထိခိုက်သေဆုံးနိုင်တယ်။ ကျေးရွာ အရှေ့ဘက် ကျောင်းနားမှာလည်း မိုင်းဆွဲ တိုက်ခိုက်တာ လုပ်ခဲ့တယ် အဲတာတော့ ထိခိုက်သေဆုံးမှု မသိရသေးဘူး” ဟု KUPDF တပ်ဖွဲ့မှ ဗိုလ်သံမဏိက ပြောဆိုသည်။
ဓာတ်ပုံ- အင်ပတ်ရွာကို ဒုတိယအကြိမ် စစ်တပ်က ယနေ့ မီးရှို့နေစဉ်။