27 C
Yangon

ဒီပဲယင်းမြို့နယ် အင်ပင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Suicide Drone ဖြင့် လေကြောင်းတိုက်ခိုက်သဖြင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ အင်ပင်ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှနေ၍ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှ တက် လာသော Suicide Drone (အသေခံဒရုန်း) တစ်စီးဖြင့် အင်ပင်ကျေးရွာအတွင်းသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အချို့ ပျက်စီးသွားခဲ့သော်လည်း မြေပြင်အခြေအနေ လုံခြုံရေးအရ ပျက်စီးဆုံးရှုံးမှု အရေအတွက်အတိအကျကိုမူ ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။

မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး “ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးကတော့ အခုတော့ မထုတ်ပြန်နိုင်သေးပါဘူး။ မြေပြင်အခြေ အနေလုံခြုံရေးနှင့် အချက်လက်စိစစ်နေတုန်းမို့ပါ။ ထိခိုက်တာကတော့ ရှိပါတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မသိရသေးဘူး။ နေအိမ်တွေကတော့ ပျက်စီးသွားတယ်လို့ သိရတယ်။ တိုက်ပွဲလည်းမရှိပါ။ စစ်ရေးအခြေအနေအရ လှုပ်ရှားမှုလည်းမရှိပါဘူး။ စစ်ခွေးတွေက ဗုံးသီး ဘယ်နှစ်လုံးကျဲသွားတာလဲဆိုတော့ ဆူဆိုက်ဒုံးလို့ပဲ သိထားပါတယ်။ အတိအကျ မစိစစ်ရသေးတာပဲ ရှိတာပါ။ အထိအခိုက်ကရှိပါတယ်”ဟု ရှင်လင်းပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေ ထီး ၁ စီးက ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ဖူးသည်။

ထိုစဉ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးသည့် သာဓကများလည်း ရှိခဲ့သည်။

လက်ရှိတွင် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် သတိပေးချက်များကို အထူးဂရုပြုကြရန်နှင့် လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရရှိပါက ဘေးကင်းရာနေရာများနှင့် ဗုံးခိုကျင်းများတွင် အမြန်ဆုံး ခိုလှုံနေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

စစ်တပ်က စစ်ရေးလှုပ်ရှားမှု မရှိသည့် ကျေးရွာများကို ပစ်မှတ်ထားကာ လေကြောင်းမှ အကြောင်းမဲ့ တိုက်ခိုက်မှုများ ဆက် တိုက်ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် အထူးသတိရှိကြရန် လိုအပ်လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article