31 C
Yangon

ထားဝယ်၊ လောင်းလုံးနှင့် သရက်ချောင်းတို့တွင် စစ်တပ်က မြို့ပေါ် စစ်ဘေးရှောင်လာသော လူငယ်အများအပြား ပစ်မှတ်ထား၍ တစ်ရက်လျှင် ၁၀ ဦးနှုန်း ပေါ်တာဆွဲ ဖမ်းဆီးကာ ခလရ ၂၅ တပ်ရင်းထဲ၌ ချုပ်နှောင်ထား

Must read

ရန်ကုန်၊ ဧပြီ ၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က မြို့ပေါ် စစ်ဘေးရှောင်လာသော လူငယ်အများအပြား ပစ်မှတ်ထား၍ တစ်ရက်လျှင် ၁၀ ဦးနှုန်း ပေါ်တာဆွဲ ဖမ်းဆီးကာ ခလရ ၂၅ တပ်ရင်းထဲ၌ ချုပ်နှောင်ထားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လကုန်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ထားဝယ်မြို့ ၊ လောင်းလုံးမြို့ နှင့် သရက်ချောင်းမြို့ ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသော လူငယ်များကို ပစ်မှတ်ထားကာ တစ်ရက်လျှင် လူငယ် ၁၀ ဦးနှုန်း ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကမြောကင်းတံတားနှင့် ပေါက်တိုင်းတံတား တို့တွင် အကြမ်းဖက် စစ်သားများက လမ်းသွားလမ်းလာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို အကြမ်းဖက် စစ်တပ်က ထားဝယ်မြို့အ‌ခြေစိုက် ခလရ ၂၅ တပ်ရင်းထဲတွင် ချုပ်နှောင်ထားပြီးနောက် ဧပြီလကုန်ပိုင်းတွင် ပလောက်မြို့အခြေစိုက် အမှတ် ၁၂ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ထားဝယ်မြစ်ကြောင်း အတိုင်း သင်္ဘောများဖြင့် ပို့ဆောင်နိုင်ကြောင်း သိရှိရသည်။

“လောင်းလုံး၊ ထားဝယ်နဲ့ သရက်ချောင်းမှာ စစ်ခွေးတွေ ပေါ်တာဆွဲတာ တော်တော်လေးကို ဆိုးနေတယ်။ တစ်ရက်ကို လူငယ် ၁၀ ဦးလောက်ကို ဆွဲနေတာ ဖမ်းဆီးခံရတဲ့ လူငယ်တွေအကုန်လုံးကို ခလရ ၂၅ တပ်ရင်းထဲမှာ ချုပ်ထားတယ်။ အဲကောင်တွေက မြို့ပေါ်ကို စစ်ရှောင်လာတဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီး ဆွဲနေတာ ညအချိန် ဧည့်စာရင်းစစ်မယ်ဆိုပြီး ဝင်ဝင်ဆွဲနေတာ ငွေနဲ့ ပြန်ရွေးလဲမရဘူး။ သူတို့ လူတော်တော်လိုနေတယ်။ အခုလပိုင်း ပေါ်တာဆွဲ ဖမ်းထားတဲ့ လူငယ်တွေကို သင်တန်းကျောင်း မပို့သေးဘူး။ ခလရ ၂၅ ထဲမှာပဲ ချုပ်ထားတုန်းပဲ လကုန်ရင်တော့ သူတို့ ထားဝယ်မြစ်ကြောင်း အတိုင်း တိုင်းဗဟို ၁၂ ကို သင်္ဘောတွေနဲ့ ပို့မယ်ထင်တယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် စစ်မှုထမ်း အပတ်စဉ် ၂၄ အတွက် တပ်သားသစ်များ အချိန်မှီ ပို့ဆောင်နိုင်ရေး ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နိုင်သောကြောင့် ထားဝယ်ခရိုင်အတွင်း နေထိုင်သည့် လူငယ်များ အနေဖြင့် အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှု သတင်းများကို သတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုများက အသိပေး ပြောဆိုထားသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသောလူငယ်များကို အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article