ရန်ကုန်၊ မေ ၁၉
ရခိုင်တွင် ပြဿနာဖြစ်လာလျှင် “စစ်တပ်ကို အဆိုးမဆိုနဲ့” ဟု AA ကို အကြမ်းဖက်စစ်တပ် တုံ့ပြန်ပြောဆိုလိုက်ပြီး “လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်ကို သူတို့ပဲ ခံစားရမယ်” ဟု အကြမ်းဖက်စစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။
AA နှင့်ပတ်သက်၍ စစ်တပ်ဘက်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး AA က အမျိုးသားညီညွတ်ရေးအစိုးရNUG နှင့်တွေ့ဆုံခြင်း၊ မင်းအောင်လှိုင်ကမ်းလှမ်းသော ငြိမ်းချမ်းရေးကို ပယ်ချခြင်းများ လုပ်ဆောင်ခြင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို တိုက်ခိုက်မည်ဖြစ်ကြောင်း တရားဝင် စိန်ခေါ်မှုများ လုပ်ဆောင်ပြီးနောက် စစ်တပ်ဘက်က ယင်းသို့ တုံ့ပြန်လာခြင်းဖြစ်သည်။
“ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်နေရခြင်းဖြစ်ပါတယ်။ အခုဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ ပြသနာဖြစ်လာလျှင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့ လို့ပဲ ပြောချင်တယ်။ လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်ကို သူတို့ပဲ ခံစားရမယ်” ဟု အကြမ်းဖက် စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုသည်။
AA ပြောခွင့်ရ ခိုင်သုခက စစ်တပ် ကမ်းလှမ်းသော ငြိမ်းချမ်းရေးသည် လက်ရှိအခြေအနေတွင် ဆွေးနွေးရန် မဖြစ်နိုင်သေးကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။