30 C
Yangon

စစ်ကောင်စီကို အသိအမှတ် မပြုမှု နှင့် NUG ကို ထိတွေ့ ဆက်ဆံမှုကြောင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို မျောက်က လည်ရောင်းသူဟု ဇော်မင်းထွန်း ခိုင်းနှိုင်းပြောဆို

Must read

ရန်ကုန်၊ မေ ၂၀

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆက်ဆံနေပြီး အာဏာသိမ်း စစ်ကောင် စီကို အသိအမှတ်မပြုသော မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကို မျောက်ပြ ဆန်တောင်းသူ ထက် အဆင်မြင့်သော မျောက်လည်ရောင်းသူဟု အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ခိုင်းနှုန်းပြောဆိုလိုက်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို NUG ၊ NUCC နှင့် မဆက်ဆံရန် အကြိမ် ကြိမ် ကန့်ကွက်ခဲ့ပြီး ရန်ကုန်ရှိ မလေးရှားသံရုံးမှ တာဝန်ရှိသူများကို ခေါ်ယူကာ ကန့်ကွက်ခဲ့ကြောင်း ၊ သို့ရာတွင် ဆက်လက် ဆက်ဆံနေသည့်အပြင် ရိုဟင်ဂျာ ဒုက္ခသည်များကို အကြောင်းပြ၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာကို အကူအညီတောင်းနေကြောင်း၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် မျောက်ပြ ဆန်တောင်းသူထက် အဆင်မြင့်သော မျောက်ကလည်ရောင်းသူဖြစ်ကြောင်း၊ လိုအပ်သော အရေးယူမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဇော်မင်းထွန်းက ပြောဆိုသည်။

“မလေးရှားနိုင်ငံခြားရေးဝန်ကြီးဆိုသူ ဒီပြင်သူတွေနဲ့ တွေ့တဲ့နေရာမှာ ဘာတောင်း ခဲ့လဲဆိုတော့ သူက လက်ညှိုးထိုးပြတာပေါ့။ တော်တော်တော့ တရား ကျစရာကောင်းပါတယ်။ သူတို့နိုင်ငံမှာ မြန်မာဒုက္ခသည်ပေါင်း နှစ်သိန်းခွဲရှိတယ်။ ဒါတွေအတွက် ထောက်ပံ့မှု လုပ်ပေးပါဆိုပြီး ပြောတာရှိတယ်။ ပြောရရင်တော့ မျောက်ပြ ဆန်တောင်းဆိုတဲ့ အဆင့်တော့ တော်တော်ကျော်သွားတယ်။ ဒီမျောက်ကနေတာကို ထိုးထိုးပြပြီး ကမ္ဘာကို လှည့်ပြီးရောင်းနေတဲ့ မျောက်က လည်ရောင်း အဆင့်ဖြစ်သွားတယ် သူက ။ မျောက်ပြဆန်ရောင်း မဟုတ်ဘူး မျောက်က လည်ရောင်း တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး လည်ရောင်းတဲ့အဆင့်ဖြစ်သွားတယ်” ဟု ဇော်မင်းထွန်းက ပြောဆိုသည်။

မလေးရှားနိုင်ငံအနေဖြင့် NUG ၊ NUCC နှင့်ဆက်လက် ဆက်ဆံပါက လိုအပ်သော အရေးယူမှုများကို ဆက်လက် ဆောင်ရွက်မည်ဟု ၎င်းက ဆက်ပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုကြောင်း၊ NUG ၊ NUCC နှင့်ထိတွေ့ဆက်ဆံသည့်အပြင် အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာသိမ်းစစ်တပ်က အကောင်အထည်မဖော်သည့်အပေါ် ထိရောက်စွာ အရေးယူ ကိုင်တွယ်ဆောင်ရွက်ရေး၊ NUG ၊ NUCC အပါအဝင် အားလုံးနှင့် ထိတွေ့ဆက်ဆံရေး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သံတမန်၏ လုပ်ပိုင်ခွင့်ကို ပိုမို တိုးမြှင့်ရေး တောင်းဆိုလျက်ရှိသည်။

ဓာတ်ပုံ- အကြမ်းဖက်ပြောခွင့်ရ ဇော်မင်းထွန်း။ Photo- AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article