ရန်ကုန်၊ ဇွန် ၄
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း CDSOM မှ ကိုနွေဦး (မြောင်) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၄ ရက်နေ့ ည ၈ နာရီ ၂၅ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ ဆင်ချောင်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်ထိ နေအိမ်များ မီးလောင်နေဆဲဖြစ်ပြီး ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“နေအိမ် ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူးဗျ ခုနလေးကမှ စစ်ခွေးတွေ စပြီး မီးရှို့နေတာ” ဟု CDSOM မှ ကိုနွေဦး (မြောင်) က ပြောဆိုသည်။
ထို့ပြင် ဆင်ချောင်းကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ပြည်သူများကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးထားပြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ဧရာဝတီမြစ်တဖက်ကမ်း ရှိ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာသို့ ကျည်ရောက်ရှိကာ အမျိုးသမီးတစ်ဦး ဦးခေါင်းကျည်ထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်း စစ်တပ်စစ်ကြောင်းသည် ညောင်တိုကျေးရွာအထိ ဆက်လက် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသနေမိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေထိုင်ပေးကြပါရန်နှင့် စစ်တပ်စစ် ကြောင်းက အင်အားများသည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ် အစုံအလင်ပါသောကြောင့် မြောင်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့်လည်း ဂရိုစိုက်နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံ ထား သည်။




