28.7 C
Yangon

လောင်းလုံးရှိ စစ်ပြဲရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်မှု စစ်တပ်ဘက်မှ အထိနာ၍ ရွာထဲရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး၊ လားဘုံးတောင်ရေဒါစခန်း အနီးတိုက်ပွဲတွင်လည်း စစ်သား ၁၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာ ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခြင်းကြောင့် စစ်ဘက်မှ အထိနာပြီး ရွာထဲရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ ဇွန်လ ၃ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီခန့်တွင် အင်အား ၁၂၀ ကျော်ဖြင့် စစ်ပြဲကျေးရွာအတွင်းကို ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲခဲ့ကြောင်း သိရသည်။

ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဘုန်းကြီးကျောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခြင်းကြောင့် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်ကြောင်းအထိနာ၍ ထားဝယ်မြို့ဘက်မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများနှင့် လောင်းလုံးမြို့နယ်အတွင်း အချက်ရေ အမြောက်အများ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက ဇွန်လ ၂ ရက်နေ့မွန်းလွဲပိုင်းမှာ လောင်းလုံးမြို့ပေါ် ပြန်ဆုတ်သွားတဲ့ စစ်ကြောင်းက တစ်ညဘဲ အိပ်ပြီး ဇွန်လ ၂ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီလောက်မှာ စစ်ပြဲရွာကို အင်းအား ၁၂၀ ကျော်နဲ့ စစ်ကြောင်းထိုးပြီး ရွာထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး တပ်ဖြန့်ထားတယ်။ အဲ့အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ခွေးတွေရှိတဲ့ ဘုန်းကြီးကျောင်းကို ဝိုင်းပြီး မွန်းလွဲ ၂ နာရီခွဲမှာ ထိတွေ့တိုက်ပွဲ စဖြစ်တယ်။ တိုက်ပွဲက ညနေ ၆ နာရီခွဲလောက်ထိဖြစ်တယ်။ စစ်ခွေးသေစာရင်းကတော့ မသိရဘူး ညဘက်မှောင်သွားတော့။ စစ်ခွေးတွေ အထိနာတော့ ထားဝယ်ဘက် ဟောင်ဝေဇာနဲ့ လှမ်းထုတယ်။ လောင်လုံးမြို့ထဲကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်။ ထားဝယ်ဘက် ဟောင်ဝေဇာနဲ့ ထုတာကတော့ စပ်ဗြဲနဲ့ ညှင်းမော်ရွာ အနီးတစ်ဝိုက်ကိုပဲ ကျတယ်။ ” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကြောင်းသည် စစ်ပြဲကျေးရွာအတွင်းရှိ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ ဇွန်လ ၄ ရက်နေ့ နံနက်စောစောပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည်းဆုတ်ခွာသွားခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ပြန်လည်ဝင်ရောက်လာကာ လက်ရှိချိန်ထိ ဘုန်းကြီးကျောင်း၌ ဆက်လက်တပ်စွဲထားကြောင်း၊ ထိုသို့ စစ်ကြောင်း ပြန်ဆုတ်ခွာချိန် ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင်ပျက်စီးမှု အခြေအနေကို ပြန်လည်ကြည့်ရှုသည့် ပြည်သူတချို့ကိုလည်း အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားထားပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဟောင်ဝှစ်ဇာနဲ့ ပစ်တဲ့အချိန်မှာ စစ်ခွေးတွေက စစ်ပြဲရွာကို မီးရှို့နေပြီ ရွာထဲက နေအိမ် ၈ လုံးကတော့ မီးလောင်ပြာကျတယ်။ တိုက်ပွဲဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေကတော့ အထိခိုက်မရှိပြန်ဆုတ်ပေးလိုက်တယ်။ မနေ့က တိုက်ပွဲဖြစ်ပြီးတော့ စစ်ခွေးတွေက စပ်ပြဲရွာထဲမှာပဲ ဆက်တပ်စွဲနေတာ။ ဒီနေ့မနက်စောစောမှာပြန်ဆုတ်သွားပြီး မွန်းလွဲပိုင်းမှာ ရွာထဲပြန်ရောက်လာပြီး လက်ရှိမှာ ဘုန်းကြီးကျောင်းမှာပဲ တပ်စွဲထားတယ်။ ရွာထဲမှာ စစ်ခွေးတွေ မရှိတော့ဘူးဆိုပြီး မီးလောင်တဲ့အခြေပြန်ကြည့်ဖို့ ပြန်ဝင်တဲ့ပြည်သူတွေ ဖမ်းခံလိုက်ရတယ် ဘယ်နှဦးလဲတော့ မသိရသေးဘူး။ စစ်ပြဲရွာ၊ ညှင်းမော်ရွာ၊ ရင်းဘုတ်ရွာ၊ လေးသွန်းခံရွာ၊ အင်းဘူးရွာတွေက ပြည်သူ ၁၀၀၀ နီးပါး လောက်ထွက်ပြေးနေရတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု၊ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုနှင့် ဖမ်းဆီးမှုများကြောင့် စစ်ပြဲရွာ၊ ညှင်းမော်ရွာ၊ ရင်းဘုတ်ရွာ၊ လေးသွန်းခံရွာနှင့် အင်းဘူးရွာတို့မှ ဒေသခံပြည်သူ ၁၀၀၀ ခန့်သည် ဘေးလွတ်ရာ တောတောင်များအတွင်းကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ထို အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် မေလပိုင်း အတွင်း လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးစဉ်က လားဘုံးတောင်ရေဒါစခန်းအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခြင်းကြောင့် စစ်သား ၁၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့သောကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လောင်းလုံးမြို့ပေါ်ကို ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများအနီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသန်းပစ်ခတ်ခဲ့ရာ မြို့ပေါ်ရှိ ရပ်ကွက် (က) နှင့် ရပ်ကွက် (ခ) အတွင်းသို့ ကျရောက်ပေါက်ကွဲကာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင်နေအိမ် ၄ လုံးလည်း မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article