24 C
Yangon

အကြမ်းဖက်မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်နေတဲ့ စိတ်ပျက်စရာ အာဆီယံ

Must read

ရန်ကုန်၊ မေ ၂၁

ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် ဖနွမ်းပင်မှာ မေလ ၁၇၊ ၁၈ ရက် နှစ်ရက်တာကျင်းပခဲ့တဲ့ အာဆီယံအကြီးတန်း ကာကွယ်ရေးအရာရှိများ အစည်းအဝေး (ADSOM) နဲ့ ADSOM-Plus မိတ်ဖက် အစည်းအဝေးကို သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတို့က ကာကွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲကို အကြမ်းဖက်မြန်မာစစ်တပ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကိုယ်စားလှယ်အဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဇော်ဇော်စိုးက တက်ရောက်ခဲ့ကြောင်း Justice For Myanmar က ထုတ်ပြန်ပြောဆို လိုက်တာပါ။

ဇော်ဇော်စိုးဟာ အကြမ်းဖက်စစ်တပ်ကို ကိုယ်စားပြုစေလွှတ်တဲ့ ဝန်ထမ်းဖြစ်တာကြောင့် “နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်” မဟုတ်ဘူးလို့လည်း JFM က ဆိုပါတယ်။

အာဆီယံနဲ့ အမေရိကန်တို့က “မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များဆိုင်ရာ ကတိကဝတ်များကို ထင်ဟပ်စေမည့် ငြိမ်းချမ်းရေး အဖြေတစ်ခုဆီသို့ ရောက်ရှိရန် ကျွန်ုပ်တို့၏ စုပေါင်း ကြိုးပမ်း အားထုတ်မှုများကို နှစ်ဆတိုးမြှင့်မည်ဟု ကတိပြုပါသည်” ဆိုတဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ပြီး တစ်ပတ်အကြာ အာဆီယံ အမေရိကန် ကာကွယ်ရေးအရာရှိတွေပါဝင်တဲ့ အခုတွေ့ဆုံပွဲမှာ မြန်မာ အကြမ်းဖက်စစ်တပ်က ပါဝင်လာခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပူးတွဲကြေညာချက်ကို ထုတ်ပြန်အပြီး မြန်မာအကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း ဆက်လက် ချဲ့ထွင်နေခြင်းက အာဆီယံအနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပိုနေမြဲ ကြားနေမြဲ ဆက်ဆံရေးကို ဖုံးကွယ်ဖို့ ဟန်ပြထုတ်ပြန်ခြင်း ဖြစ်ကြောင်း ထင်ရှားနေတာပါ။

ဒါဟာ အကြမ်းဖက်စစ်တပ်အနေနဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ ရာဇ၀တ်မှုတွေကို အရေးယူခံရခြင်း အလျဉ်းမရှိဘဲ အတင့်ရဲစွာ ဆက်လက်ကျူးလွန်ရဲအောင် အားပေးအားမြှောက် လုပ်ခြင်းပဲ ဖြစ်တယ်လို့ JFM က ဝေဖန်ပြောဆိုလိုက်ပါတယ်။

အာဆီယံကာကွယ်ရေး အကြီးတန်းအရာရှိ အစည်းအဝေး (ADSOM) ဟာ ဇွန်လမှာကျင်းပမယ့် အာဆီယံကာကွယ်ရေး ဝန်ကြီးများအစည်းအဝေး (ADMM) မှာ ဆွေးနွေးမယ့် စာတမ်းမူကြမ်းကို အတည်ပြုခဲ့ကြပါတယ်။

အဆိုပါ မူကြမ်းမှာ စစ်ဘက်ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား ပူးပေါင်း ဆောင်ရွက်ရေးအဖြစ် ရေတပ်တွေအကြား သတင်းအချက်အလက်မျှဝေခြင်း၊ ကာကွယ်ရေးနဲ့ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အစီအစဉ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် အစည်းအဝေး ဆုံးဖြတ်ချက်ထဲတွင် အာဆီယံ – အိန္ဒိယ ရေတပ် ပူးတွဲလေ့ကျင့်ရေး အစီအစဉ် ပါဝင်နေပြီး၊ ဒါဟာ ပြည်သူတွေကို အကြမ်းဖက်နေတဲ့ မြန်မာရေတပ်ကို တိုက်ရိုက်အားပေးခြင်းလည်း ဖြစ်ပါတယ်။

ဒီလို အခမ်းအနားတွေနဲ့ လေ့ကျင်းရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ အကြမ်းဖက်မြန်မာစစ်တပ်ကို ပါဝင်စေခြင်းက ၎င်းတို့ကို တရားဝင် အသိအမှတ်ပြုနေခြင်း ဖြစ်ရုံသာမက မြန်မာပြည်သူ လူထုအပေါ် ကျူးလွန်နေတဲ့ ၎င်းတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုပါ အားပေးထောက်ပံ့ရာ ရောက်တယ်လို့ JFM က ဝေဖန်ပြောဆိုလိုက်တာပါ။

အကြမ်းဖက် စစ်ကောင်စီကို အာဆီယံရပ်ဝန်းတခုလုံးရဲ့ အစည်းအဝေးတွေနဲ့ လှုပ်ရှားမှုတွေအားလုံးကနေ ချက်ချင်းဖယ်ထုတ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ Justice For Myanmr က ထုတ်ပြန် တောင်းဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article