27.5 C
Yangon

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်ကို ပြင် ဆင်နိုင်သော်လည်း အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက်လိုအပ်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

Must read

ရန်ကုန်၊ ဇွန် ၂၆

အာဆီယံ၏ မြန်မာ့အရေးဆိုင်ရာ အချက်ငါးချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus – 5PC) ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်ပါက ပြင် ဆင်ပြောင်းလဲနိုင်သော်လည်း မည်သည့်ပြောင်းလဲမှုကိုမဆို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘော တူညီချက်ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒတ်တုဆရီ မိုဟာမက် ဟာဆန် (Datuk Seri Mohamad Hasan) က ပြောကြားလိုက်သည်။

ဇွန်လ ၂၅ ရက်တွင် မလေးရှားလွှတ်တော်၌ ပြောကြားရာတွင် မိုဟာမက် ဟာဆန်က အာဆီယံခေါင်း ဆောင်များသည် မြန်မာနိုင်ငံနှင့် ပူးပေါင်း၍ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို မည်သို့ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ကို နိုင်ငံခြားရေးဝန်ကြီးများအား နည်းလမ်းရှာဖွေရန် ညွှန်ကြားထားကြောင်း ပြောကြားသည်။

မလေးရှားနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒနှင့် အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘော တူညီချက် အကောင်အထည်ဖော်မှု အခြေအနေကို လွှတ်တော်အမတ် ဝီလီယမ် လီယောင် ဂျီးကန်က မေးမြန်းခဲ့ရာ မိုဟာမက် ဟာဆန်က ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“လိုအပ်မယ်ဆိုရင် ဘုံသဘောတူညီချက်ကို ပြင်ဆင်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပြောင်းလဲမှုမျိုးပဲ ဖြစ်ဖြစ် အာဆီယံခေါင်းဆောင်အားလုံးရဲ့ သဘောတူညီချက်ကို ရယူရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကျပ်အတည်းကို အာဆီယံဦးဆောင်၍ ဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းလည်း မိုဟာမက် ဟာဆန်က ပြောကြားသည်။

၎င်းက မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံနေခြင်းသည် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအဖြေရှာရေး လုပ်ငန်းစဉ်များတွင် တိုးတက်မှုရရှိစေရန် ရည်ရွယ်သလို၊ မြန်မာ့အရေးတွင် အာဆီယံ၏ ဦးဆောင်အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်လည်း ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့က မြန်မာနိုင်ငံကို ပိုပြီး သီးခြားခွဲထုတ်မထားချင်ပါဘူး။ မြန်မာနိုင်ငံနဲ့ ဆက် ဆံရေးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လုပ်ရမှာဖြစ်ပြီး ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖွင့်ထားရပါမယ်။ အဲဒီလို မဟုတ်ရင် တခြားအကျိုးစီးပွားရှိတဲ့ ပြင်ပအင်အားစုတွေ ဝင်ရောက်လာပြီး အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မေလ ၁၉ ရက်တွင် နေပြည်တော်သို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံခဲ့ပြီး ယင်းခရီးစဉ်မှာ အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်အရ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံနှင့် အလွတ်သဘော ထိတွေ့ဆက်ဆံရန် သဘောတူထားသည့် အစီအစဉ်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခြေအနေများ၊ အချက်ငါးချက်ပါ ဘုံသဘောတူညီချက် အကောင်အထည်ဖော်မှု၊ သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးနှင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိစေရန် အာဆီယံက မည်သို့ကူညီနိုင်မည်ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော ရိုဟင်ဂျာဒုက္ခသည် အများအပြား၏ အခြေအနေများကိုလည်း မြန်မာဘက်သို့ တင်ပြဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။

“ဒီတစ်ကြိမ်မှာတော့ မြန်မာဘက်က ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေကို ယခင်ကထက် ပိုပြီး လက်ခံနားထောင်လာတာကို တွေ့ရပါတယ်” ဟု မိုဟာမက် ဟာဆန်က ပြောကြားပြီး မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်သူအဖွဲ့အစည်းအသီးသီးနှင့်လည်း ပါဝင်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဆိုသည်။

သို့သော် အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက် ချမှတ်ခဲ့သော်လည်း လက်တွေ့တွင် တိုးတက်မှုနည်းပါးနေပြီး စစ်အစိုးရက ၎င်းတို့ကို “အကြမ်းဖက်သမားများ” ဟု သတ်မှတ်ထားသည့် အတိုက်အခံအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းဆိုထားသဖြင့် ငြိမ်းချမ်းရေးအစီအစဉ်မှာ အောင်မြင်မှုမရရှိသေးကြောင်း နိုင်ငံတကာက သုံးသပ်ထားသည်။

ထို့ပြင် မလေးရှားအစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်သူအားလုံးအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို ပံ့ပိုးကြရန် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း မိုဟာမက် ဟာဆန်က ပြောကြားခဲ့သည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဧပြီလတွင် အတင်းအကျပ် သမ္မတရာထူးကို ရယူကာ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံပြုပါတီ အနိုင်ရခဲ့သည့် ရွေးကောက်ပွဲအပြီး အစိုးရသစ်ကို ဖွဲ့စည်းခဲ့သည်။

ယင်းရွေးကောက်ပွဲကို စစ်ကောင်စီက အရပ်သားအုပ်ချုပ်ရေး ပြန်လည်အသက်ဝင်လာသည့် လုပ်ငန်းစဉ်အဖြစ် ဖော်ပြခဲ့သော်လည်း အတိုက်အခံများနှင့် အနောက်နိုင်ငံများက လွတ်လပ်မျှတမှုမရှိသည့် အတုအယောင်ရွေးကောက်ပွဲအဖြစ် ဝေဖန်ပယ်ချခဲ့ကြသည်။

Malaysia’s Minister of Foreign Affairs Mohamad Hasan attends the Association of Southeast Asian Nations (ASEAN) Post-Ministerial Conference with the United Kingdom during the 58th ASEAN Foreign Ministersí meeting and related meetings at the Convention Centre in Kuala Lumpur on July 11, 2025. (Photo by FAZRY ISMAIL / POOL / AFP)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article