27.5 C
Yangon

မြန်မာနိုင်ငံအနေဖြင့် ဆိုက်ဘာကျားဖြန့်လိမ်လည်ဂိုဏ်းများကို ထိရောက်စွာ နှိမ်နင်းပြီး လူကုန်ကူးခံရသူများကို ကာကွယ်ပေးရန် FATF က သတိပေး

Must read

ရန်ကုန်၊ ဇွန် ၂၆

မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်စွာ ဖြစ်ပွားနေဆဲဖြစ်သည့် ကျားဖြန့် ဆိုက်ဘာလိမ်လည်မှု (Cyber Scam) နှင့် အွန်လိုင်းငွေလိမ်လည်မှုကွန်ရက်များကို အရေးတယူ နှိမ်နင်းဆောင် ရွက်ရန်နှင့် ယင်းရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးခံရသူများကို ကာကွယ်စောင့် ရှောက်ပေးရန် မြန်မာနိုင်ငံကို နိုင်ငံတကာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုရန်ပုံငွေ တားဆီးရေး စောင့်ကြည့်အဖွဲ့ဖြစ်သည့် Financial Action Task Force (FATF) က သတိပေးတိုက်တွန်းလိုက်သည်။

ဇွန်လ ၁၉ ရက်နေ့ ကျင်းပပြီးစီးခဲ့သည့် FATF အစည်းအဝေး (Plenary Meeting) အပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် မြန်မာနိုင်ငံ၌ လိမ်လည်မှုနှင့် ဆိုက်ဘာရာဇဝတ်မှုများမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပွားနေပြီး တရားမဝင် ငွေကြေးစီးဆင်းမှု (Illicit Finance) အတွက် အလွန်အမင်း အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

FATF က မြန်မာနိုင်ငံသည် အဆိုပါ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် လူကုန်ကူးခံရသူများ၏ အခွင့်အရေးနှင့် လုံခြုံရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း အထူးအလေးပေး ပြောကြားခဲ့သည်။

FATF က မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာချို့ယွင်း ချက်များကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်ကြောင်းလည်း ထပ်မံသတိပေးထားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ Financial Intelligence Unit (FIU) ၏ ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များကို စိစစ်သုံးသပ်နိုင်စွမ်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံ ဖြန့်ဝေနိုင်စွမ်းကို မြှင့်တင်ရန်၊ ထို့ပြင် ငွေကြေးခဝါချမှုအမှုများကို အန္တရာယ်အဆင့်နှင့် ကိုက်ညီစွာ စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် FATF ထောက်ပြထားသည့် အား နည်းချက်များကို ပြုပြင်မည်ဟု ကတိပြုခဲ့သော်လည်း အရေးယူဆောင်ရွက်ရန် သတ်မှတ်ထားသည့် အချိန်ကာလမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ကုန်ဆုံးခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် FATF က မြန်မာနိုင်ငံကို “High-Risk Jurisdictions Subject to a Call for Action” ဟု သတ်မှတ်ထားသည့် အန္တရာယ်မြင့်နိုင်ငံများစာရင်း (Black List) တွင် ထည့်သွင်းခဲ့ပြီး ယနေ့အထိ အထူးစောင့်ကြည့်မှုနှင့် တန်ပြန်အရေးယူဆောင်ရွက်မှုများကို ဆက်လက်ခံနေရဆဲဖြစ်သည်။

နိုင်ငံတကာ၏ ဖိအားများ ဆက်လက်မြင့်တက်နေချိန်တွင် မြန်မာစစ်တပ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစတင်၍ ဆိုက်ဘာလိမ်လည်ဂိုဏ်းများကို နှိမ်နင်းမှုများ ပိုမိုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလလယ်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့အနီး K.K. Park ဆိုက်ဘာလိမ်လည်ရေးစခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ လူပေါင်း ၂,၀၀၀ ကျော် ကို ဖမ်းဆီးနိုင်ခဲ့ပြီး ၁,၅၀၀ ခန့် သည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထို့အပြင် အိန္ဒိယနိုင်ငံသား ၄၅၀ ကျော် ကိုလည်း ကယ်ဆယ်၍ အိန္ဒိယနိုင်ငံသို့ ပြန်လည်ပို့ ဆောင်ခဲ့သည်။

ထို့ပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံရှိ ဆိုက်ဘာလိမ်လည်ရေးစခန်းအသီးသီးမှ နိုင်ငံခြားသား ၁၁,၀၀၀ ကျော် ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အများစုကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

FATF ၏ ယခုထုတ်ပြန်ချက်သည် မြန်မာနိုင်ငံအနေဖြင့် ဆိုက်ဘာလိမ်လည်မှု၊ ငွေကြေးခဝါချမှုနှင့် လူကုန်ကူးမှုများကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာအသိုက် အဝန်း၏ ဖိအားများ ဆက်လက်ရှိနေကြောင်း ထင်ဟပ်ပြသနေသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article