27 C
Yangon

ဒီပဲယင်း နဂါးတွင်းရွာကို စစ်တပ်က တပ်စွဲပြီး ရွာလုံးကျွတ် မီးတင်ရှို့၊ သရပ်တောရွာရှိ နေအိမ် ၂၄ လုံးကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၂၃

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ နဂါးတွင်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က မေလ ၂၂ ရက်နေ့ မနက်ပိုင်းမှ ညပိုင်းအထိတွင် ဝင်ရောက် တပ်စွဲပြီး ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် နဂါးတွင်းရွာကို နံနက် ၈ နာရီခန့်က စတင်ကာ ဝင်ရောက် စီးနင်း မီးရှို့နေခြင်း ဖြစ်ပြီး ညပိုင်းထိ စစ်တပ်က တပ်စွဲထားကာ မီးဆက်ရှို့နေကြောင်း သိရသည်။

” မေလ ၂၂ ရက်နေ့က ဒီပဲယင်း မြို့နယ် နဂါးတွင်းရွာကို အကြမ်းဖက် စစ်တပ်တွေ မီးရှို့နေတယ်။ ရှို့တာကတော့ ရွာလုံးကျွတ်ကို ရှို့တာ နံနက် ၈ နာရီလောက်ကတည်းက မီးရှို့တာပါ။ ညပိုင်းအထိ အကြမ်းဖက် စစ်တပ်က မထွက်သေးဘူး။ ဝင်ကြည့်လို့မရသေးဘူး။ Droneနဲ့ ဝဲကြည်တာကတော့ နဂါးတွင်းရွာတောင်ပိုင်း အိမ်ခြေ ၈၀ လောက် မီးထဲပါသွားပြီ ရွာမြောက်ပိုင်းကို ညဘက် ဆက်ရှို့နေတယ်။ တနေကုန် မီးခိုးလုံးကြီးတွေ မြင်နေရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

နဂါးတွင်းရွာတွင် အထက်တန်းကျောင်းရှိပြီး အိမ်ခြေ ၃ဝဝ ကျော်ရှိသော ကျေးရွာတစ်ရွာဖြစ်ကာ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း ပထမအကြိမ် အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းစဉ်က ပြည်သူ ၆ ဦးပစ်သတ်ခံရကာ ပြည်သူပိုင် နေအိမ်များမှ ရွှေငွေများကို ခိုးယူခံထားရသော ကျေးရွာ ဖြစ်ကြောင်း သိရသည်။

ကျေးရွာနေ ပြည်သူများသည် မေလ ၂၂ ရက်နေ့ ညပိုင်းအထိ ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ ကျေးရွာနှင့် ၁ မိုင်ကျော် အကွာအဝေးမှ ၎င်းတို့ နေအိမ်များ မီးလောင်နေသည်ကို ထိုင်ကြည့်နေရကြောင်း သိရသည်။

အလားတူ ဒီပဲယင်းမြို့နယ် သရက်တောရွာကိုလည်း အကြမ်းဖက် စစ်တပ်က မေလ ၂ဝ ရက်နေ့တွင် ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၄ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သရက်တောရွာကို မီးရှို့ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့မှ ထွက်ခွာလာစဉ် ဒီပဲယင်း တပ်ပေါင်းစုများက မိုင်းဆွဲ ခဲ့ပြီးနောက် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး နီးစပ်ရွာကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” သရက်တောရွာမှာ စစ်ခွေးတွေ မီးရှို့လို့ ပြည်သူပိုင် နေအိမ် ၂၄ လုံး ပြာကျခဲ့တယ်။ မေလ ၂ဝရက်နေ့က ရှို့ခံရတာပါ။ စစ်ခွေး စစ်ကြောင်းက ရေဦးက အထွက်မှာ ဒီပဲယင်း တပ်ပေါင်းစုတွေရဲ့ တိုက်ခိုက်ခံရလို့ ရှုံးမဲမဲပြီး မဆီမဆိုင် ရွာကို မီးရှို့တာပါ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် မီးလောင်ကျွမ်းမှု မရှိသော နေအိမ်များမှ ပစ္စည်းများကို ခိုးယူသွားကာ ၎င်းတို့ ယူဆောင်လိုခြင်းမရှိသော ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် တပ်စွဲပြီး ရွာလုံးကျွတ် မီးရှို့နေသော နဂါးတွင်းရွာကို အဝေးမှ လှမ်းမြင်ရစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article