ရန်ကုန်၊ မေ ၃
မကွေးတိုင်း၊ ဂန့်ဂေါမြို့ အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ စစ်သား ၁ ဦးသည် သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်လာ၍ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်းChinland Defense Force – Kalay Kabaw Gangaw အဖွဲ့မှ သတင်းနှင့် ဗဟိုပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခြေလျင်တပ်ရင်း ခလရ ၅၀ မှ တပ်သား ကောင်းခန့် (ခ) အာဇာနည်သည် MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ဘောက်၊ ကျည် ၁၃၅ တောင့်နှင့် လက်ပစ်ဗုံး ၂ လုံးတို့ကို ယူဆောင်ကာ CDF – KKG ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
“အလင်းဝင်ရောက်လာတဲ့သူက သူငယ်ချင်း အသိကနေ တစ်ဆင့် ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာတာပါ။ သူကိုယ်တိုင်ကလည်း စစ်တပ်ထဲမှာ မနေချင်တော့ စစ်ကောင်စီ ထဲမှာ မနေချင်တော့ဘူး။ ပြီးတော့မှ အလင်းပြီးလို့ ရှိရင် တော်လှန်ရေး လုပ်မယ်လို့ပြောပါတယ်။ အလင်းဝင်ရောက်လာတဲ့သူကတော့ စစ်သက်တမ်း ၇ နှစ်ပါတယ်” ဟု Chinland Defense Force – Kalay Kabaw Gangaw အဖွဲ့မှ သတင်းနှင့် ဗဟို ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
ထိုသို့ လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်လာသော ကို ကောင်းခန့် (ခ) အာဇာနည်ကို CDF – KKG အဖွဲ့အစည်းက ဂုဏ်ပြုဆုငွေ ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေတစ်ခုသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။




