26 C
Yangon

သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ နှင့် ရဲစခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်၊ တပ်ကြပ်ကြီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ၊ ထီးချိုင့်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ၅ ဦးခန့် သေဆုံး

Must read

ရန်ကုန်၊ မေ ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ၊ ခမရ ၂၀၇ တပ်ရင်းနှင့် နယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ယနေ့ မေလ ၂၄ ရက် နံနက် ၃ နာရီခွဲခန့်တွင် တပြိုင်နက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုထံမှ သိရှိရသည်။

ခမရ ၂၀၇ တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က အဆင့်မြင့်နည်းပညာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း၊ သိမ်ဇရပ်နယ်မြေရဲစခန်းကို တိုက်ခိုက်ရာတွင် ထိခိုက်သေဆုံးမှု စာရင်းကို အတိအကျမသိရှိရသေးကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုများကို KNLA တပ်ရင်း ၃၊ PDF၊ ပကဖ တော်လှန်ရေးအင်အားစုများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ထီးချိုင့်မြို့နယ်၊ ဆတ်ပြေးရွာမှ တုံလုံရွာသို့ စစ်ကြောင်းပြန်လာသော အကြမ်းဖက်စစ်တပ်ကို Eagles Army ထီးချိုင့် PDF က ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၅ ဦးခန့် သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း Eagles Army – HPDF က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – သိမ်ဇရပ်နယ်မြေရဲစခန်း (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article