ရန်ကုန်၊ ဇွန် ၁၁
မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့်ဂိုဏ်းတစ်ခုက လိမ်လည်ရယူထားသော အမေရိကန်ဒေါ်လာ သန်း ၃၀ ကို အမေရိကန် FBI က သိမ်းယူလိုက်ကြောင်း အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗူရို (FBI) အကြီးအကဲတစ်ဦးဖြစ်သူ အင်ဒရူး ဘိုင်လေ (Andrew Bailey) က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ကြေညာပြောဆိုသည်။
မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု) ဂိုဏ်းတစ်ခုကနေ လိမ်လည်ရယူထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် (မလေးရှားရင်းဂစ် ၁၂၁ ဒသမ ၉ သန်း) တန်ဖိုးရှိ ခရစ်ပတိုကာရန်စီ (Cryptocurrency) ဒစ်ဂျစ်တယ်ငွေကြေးတွေကို အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗူရို (FBI) က သိမ်းယူလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
အမေရိကန် FBI အနေဖြင့် အရှေ့တောင်အာရှဒေသတွင်းရှိ တရားဥပဒေစိုးမိုးရေးအေဂျင်စီများနှင့် ပူးပေါင်းကာ ဒေသတွင်း၌ စက်မှုဇုန်အသွင် အကြီးအကျယ် လည်ပတ်နေသော အွန်လိုင်းလိမ်လည်မှုစင်တာများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရန် ကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်နေစဉ် ယခုလို ငွေကြေးများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှပြုလုပ်သည့် ဗီဒီယိုသတင်းစာရှင်းလင်းပွဲတွင် FBI ၏ ပူးတွဲဒုတိယညွှန်ကြားရေးမှူး အင်ဒရူး ဘိုင်လေ (Andrew Bailey) က ရှင်းပြသည်။
FBI ၏ ထုတ်ပြန်ချက်အရ အမေရိကန်အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Centre Strike Force) အနေဖြင့် လိမ်လည်မှုလုပ်ငန်း လုပ်ဆောင်သူများနှင့် ၎င်းတို့ကို ကူညီပံ့ပိုးပေးနေသူများကို ပစ်မှတ်ထားနှိမ်နင်းလျက်ရှိရာ၊ မြန်မာနိုင်ငံအတွင်းရှိ ထိုင်းချန်း (Thai Chang) အွန်လိုင်းလိမ်လည်မှုစခန်းနှင့် ဆက်နွှယ်သည့် လုပ်ငန်းများကိုပါ နှိမ်နင်းနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျားဖြန့် အွန်လိုင်းလိမ်လည်သည့်စခန်းက သားကောင်များကို လိမ်လည်ရာတွင် အသုံးပြုခဲ့သည့် ဝဘ်ဆိုက်များကို FBI က သိမ်းဆည်းပိတ်ပစ်ခဲ့ပြီးနောက်၊ ၎င်းလုပ်ငန်းနှင့် ဆက်နွှယ်နေသည့် ရာဇဝတ်ဂိုဏ်းများထံမှ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ကို ပြန်လည်သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဘန်ကောက်မြို့ရှိ FBI ၏ သံရုံးဆတ်သွယ်ရေးရုံးသည် ထိုင်းနိုင်ငံရဲတပ်ဖွဲ့၏ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာနနှင့် နီးကပ်စွာ ပူးပေါင်း၍ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျားဖြန့်စင်တာများကို စုံစမ်းဖော်ထုတ်ကာ ဖြိုခွဲရန် လုပ်ဆောင်နေသည်။
ထို့ပြင် ၂၀၂၆ ခုနှစ် မေလအတွင်းကလည်း စင်ကာပူရဲတပ်ဖွဲ့က ဦးဆောင်သည့် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ လိမ်လည်မှုတိုက်ဖျက်ရေးအေဂျင်စီများ ပါဝင်သော Frontier Plus စစ်ဆင်ရေးတွင်လည်း အမေရိကန်၏ တစ်ခုတည်းသော တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းအဖြစ် FBI က ပါဝင်ပူးပေါင်းခဲ့သည်။
FBI ညွှန်ကြားရေးမှူး ဘိုင်လေ၏ ပြောကြားချက်အရ အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှု လုပ် ငန်းအများစုသည် ငွေကြေးအမြတ်အစွန်းသက်သက်ကိုသာ မက်မောသည့် တရုတ်နိုင်ငံမှ ရာဇဝတ်အဖွဲ့အစည်းများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး၊ ထိုင်း၊ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများ၏ အုပ်ချုပ်မှုအားနည်းချက်နှင့် ခြစားမှုများကို အခွင့်ကောင်းယူကာ လူပုဂ္ဂိုလ်၊ ငွေကြေးနှင့် နည်းပညာများကို နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းလုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင်အပြင် ကျားဖြန့်စခန်းများတွင် အခြေခံအဆင့် ဝင်ရောက်လုပ်ကိုင်နေကြရသူ အများစုမှာ လိမ်လည်လှည့်ဖြားခြင်း ခံရသူများ သို့မဟုတ် လူကုန်ကူးခံရပြီး အဓမ္မခိုင်းစေခံနေရသည့် သားကောင်များဖြစ်ကြသည်ကို FBI အနေဖြင့် သေသေချာချာ နားလည်သဘောပေါက်ထားကြောင်းလည်း ဆိုသည်။
ထို့ကြောင့် FBI အနေဖြင့် လိမ်လည်မှုစခန်းများ သက်သက်ကိုသာမကဘဲ ၎င်းတို့၏နောက်ကွယ်က App တည်ဆောက်ပေးသူများ၊ လူစုဆောင်းပေးသူများနှင့် အကြွေးနွံနစ်အောင် လုပ်ဆောင်ပေးနေသည့် ရာဇဝတ်ဂိုဏ်း ဂေဟစနစ်တစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။




