ရန်ကုန်၊ ဇွန် ၁၁
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ထန်းပင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုအတွင်း ကျေးရွာ အနောက်ကုန်းရှိ နေအိမ် ၁၀၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် မေလ ၃၁ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ ချောင်းခွရွာကို ရောက်ရှိနေစဉ် ပြည်သူပိုင်နေအိမ်များကို ဇွန်လ ၁ ရက်နေ့ထိ မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့ ဖမ်းဆီးထားသော ပြည်သူ ၅ ဦးကို သတ်ဖြတ်ထားကာ ရုပ်အလောင်းများကို ချောင်းခွရွာထိပ်တွင် စွန့်ပစ်ထားခဲ့ကြောင်း၊ လက်ရှိချိန်ထိ ကျေးရွာနေ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်၍ သတ်ဖြတ်ခံရသူများသည် မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
အလားတူ မေလ ၂၆ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ကိုင်ကြီးကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာသော စစ်ဘေးရှောင်ပြည်သူ ၃ ဦးကို စစ်တပ် ကင်းပုန်းက လိုက်လံပစ်ခတ်ခြင်းကြောင့် အသက် ၅၀ ကျော်အရွယ် ဦးအေးကြီးနှင့် အသက် ၄၀ ကျော်အရွယ် ဦးဖိုးဇော်တို့ နေရာတင်ပွဲချင်းပြီး သေဆုံးကာ ၎င်းတို့ ယူဆောင်လာသော ငွေကျပ် ၃၅ သိန်းကိုလည်း ယူဆောင်သွားကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ထန်းပင်ကုန်းရွာကို မီးရှို့ဖျက်ဆီးသွားတာ နေအိမ် ၁၀၀ လောက် မီးလောင်ပြာကျသွားတယ်။ ကျေးရွာ အနောက်ကုန်းမှာရှိတဲ့ နေအိမ်အများအပြား မီးလောင်ပြာကျသွားတာ စစ်ခွေးစစ်ကြောင်းက ပြည်သူတွေကိုပါ ဖမ်းဆီးသတ်ဖြတ်နေတာဆိုတော့ ပြည်သူတွေလည်း ရွာထဲကို ပြန်မဝင်ရဲကျသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းစစ်ကြောင်းကြောင့် အုတ်ဖိုမြို့နယ်အတွင်း ဒေါင်းကြီးရွာ၊ ဒေါင်းလေးရွာ၊ ကျေးပင်ဆိတ်ရွာ၊ မအူတန်းရွာ၊ ဝင်းသရက်ရွာ၊ သရက်နှစ်ပင်လိမ်ရွာ၊ ကိုင်းရှိုကြီးရွာ၊ သာလိကာရွာ၊ ချောင်းခွကြီးရွာ၊ ကျွဲတဲကုန်းရွာ၊ ကြိုးကြာကွင်းရွာ၊ စမ်းကြီးကုန်းရွာ၊ စံပြရွာ၊ ထွက်တိုးရွာ၊ ရေငံရွာ၊ စမ်းသုခရွာ၊ ကိုင်းတောစုရွာ၊ ကြို့ကိုးပင်ရွာ၊ ချင်းစုရွာ၊ ကျွဲဖြူမရွာ၊ ရွာရှောင်ရွာ၊ ကိုင်းကြီးရွာ၊ ကိုင်းလေးရွာ၊ တင်းကုတ်ရွာ၊ ဥတိုရွာ၊ ရေဒါရွာနှင့် ကျေးပြတ်ရွာတို့အပါအဝင် ရွာပေါင်း ၃၀ နီးပါးမှ ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ဆင်မြေကျေးရွာကို ဝင်ရောက်စီးနင်းပြီး ၃ ရက်ဆက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၃၁ ရက်နေ့မှ စတင်ကာ ချောင်းဦးမြို့နယ် အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းကို အင်အား ၂၀၀ ကျော်ခန့်ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ချောင်းဦး-ရေစကြို-ပခုက္ကူ လမ်းပိုင်းအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် ဇွန်လ ၉ ရက်နေ့တွင် ဆင်မြေကျေးရွာအတွင်းကို ဝင်ရောက်လာစဉ် ရွာထဲရှိ တန်းဖိုးကြီးပစ္စည်းများကို မွှေနှောက်ခိုးယူပြီးနောက် ၃ ရက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရသည်။
“စစ်ခွေးတွေက ဆင်မြေရွာကို ဒီနေ့လည်း မီးထပ်ရှို့နေတယ်။ ရွာလုံးကျွတ် နီးပါးကို မီးလောင်ပျက်စီးတဲ့ အခြေအနေပဲ အခု မုံရွာ နမခ ခွေးခြံကနေလည်း အသေခံဒရုန်တွေနဲ့ရော ချောင်းဦးမြို့ထဲက စစ်ခွေးတွေကလည်း ခွေးစစ်ကြောင်းထိုးမဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးနဲ့ပစ်ပေးနေတာတွေလည်းရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က ဆင်မြေကျေးရွာကို ယာယီတပ်စွဲထားပြီး ကား ၁၂ စီးခန့်ဖြင့် ဆင်မြေကျေးရွာ နှင့် ငါးလုံးတင်ကျေးရွာမှာ ပြည်သူပိုင်ပစ္စည်များကို ခိုးယူသယ်ဆောင်ကာ ချောင်းဦးမြို့ထဲကို ပြန်လည်ပို့ဆောင်နေကြောင်း၊ ထို စစ်တပ် စစ်ကြောင်းကြောင့် မထိသာရွာ၊ မင်းခေါင်ရွာ၊ ငါးလုံးတင်ရွာ၊ ထူးနီရွာ၊ မှန်ချိုရွာ၊ ရွာတော်လေးရွာ၊ ကျောက်ဆစ်ကန်ရွာ၊ မင်းတည်ရွာ၊ မကျီးခွရွာ၊ ကံမရွာ၊ ငါးယှန်ရွာနှင့် ဆင်မြေရွာ စသည့် ကျေးရွာပေါင်း ၁၂ ရွာမှ သောင်းနှင့်ချီသော ပြည်သူများက မိုးတွင်းကာလအတွင်း အရေးပေါ် တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာများ အရေးပေါ်အကူညီ လိုအပ်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)




