ရန်ကုန်၊ မေ ၂၆
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းတွင် မေလ ၂၅ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
” ၉နာရီ ၁၅ လောက်က မင်္ဂလာတောင်ညွန့် ရဲစခန်း မှာ ဗုံး ပေါက်ပါတယ်။ ၉ နာရီ ၁၇ မိနစ် လောက်က ပစ်ခတ် သံ ကြားရပါတယ်။ ပြီးတော့ ဆေးရုံကားတွေ စစ်ကားတွေ ရဲကားတွေ သွားနေကြပါတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ရဲစခန်းအတွင်းရှိ ရဲနှင့် စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။
မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နှင့် အကြမ်းဖက် စစ်တပ်တို့ မေလ ၂၄ ရက်နေ့တွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့ထံမှ သိရသည်။
မန္တလေး PDF တပ်သည် မတ္တရာမြို့နယ်အတွင်း နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စများ ဆောင်ရွက်နေစဉ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ဝင်ရောက် လာသောကြောင့် တိုက်ပွဲကြီး ၂ ကြိမ်နှင့် တိုက်ပွဲငယ် ၂ ကြိမ် ဖြစ်ပွားခဲ့ကာ စစ်သား ၁၃ ဦးသေဆုံးခဲ့ပြီး မန္တလေး PDF တပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် လိုက်ပါလာသည့် Mark 2 ကားကို မေလ ၂၅ ရက်နေ့တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေး တပ်ဦးထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် လိုက်ပါလာသော အိမ်စီးကားကို Chaung U Revolution Army (C.R.A) တပ်ခွဲ ၂၊ Farmer Revolution Force FRF (CHU) တပ်ရင်း၊ Black Eagle Defence Forceနှင့် Zarmini MMU တပ်ဖွဲ့တို့က မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။