ရန်ကုန်၊ ဇွန် ၂၄
ထိုင်းနိုင်ငံ၊ နခွန်စဝမ် (Nakhon Sawan) ခရိုင်အတွင်း တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား ၂ စီးကို ထိုင်းအဝေးပြေး ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာ မြန်မာနိုင်ငံသား ၁၉ ဦးကို ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဇွန်လ ၂၄ ရက်နေ့တွင် နခွန်စဝမ်၊ အယုဒ္ဓယ (Ayutthaya) နှင့် လော့ပူရီ (Lopburi) ခရိုင်တို့မှ အဝေးပြေးရဲတပ်ဖွဲ့များ ပူးပေါင်းကာ နခွန်စဝမ်ခရိုင်ရှိ လမ်းပိုင်းတစ်ခုတွင် သံသယဖြစ်ဖွယ် ဝန်ပိုတင်ဆောင်ထားသည့်ကား ၂ စီးကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် ကားအတွင်း၌ မြန်မာနိုင်ငံသား ၁၉ ဦးသည် တရားဝင် နိုင်ငံကူးလက်မှတ်၊ ခရီးသွားစာရွက်စာတမ်း တစ်စုံတစ်ရာ မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာသူများဖြစ်ပြီး ၎င်းတို့ကို ပို့ဆောင်ပေးသည့် ထိုင်းယာဉ်မောင်း ၂ ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသား ၂ ဦး၏ ထွက်ဆိုချက်အရ မြန်မာအလုပ်သမားများကို နခွန်စဝမ်ခရိုင်၊ တာ့ခ်ဖ (Tak Fa) မြို့နယ်မှ တင်ဆောင်လာခြင်းဖြစ်ပြီး ဘန်ကောက်မြို့နှင့် ပရာချင်းဘူရီ (Prachinburi) ခရိုင်သို့ ပို့ဆောင်ပေးရန် လူတစ်ဦးလျှင် ဘတ် ၉၀၀ နှုန်းဖြင့် စုစုပေါင်း ဘတ် ၁၇၀၀၀ ခန့် ရရှိကြောင်း သိရသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် တာ့ခ် (Tak) ခရိုင်ရှိ နယ်စပ်လမ်းကြောင်းမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းဝင်ရောက် အလုပ်အကိုင်ရရှိရန် ပွဲစားများကို တစ်ဦးလျှင် ဘတ် ၂၀၀၀၀ ခန့် ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၉ ဦးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်နေထိုင်မှုနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်းဖြစ်သူတို့ကို တရားမဝင် နိုင်ငံခြားသားများကို ဖုန်းကွယ်ပေးမှု၊ သယ်ဆောင်မှုတို့ဖြင့် နခွန်စဝန်ခရိုင်၊ တာ့ခလီ (Ta Khli) ရဲစခန်းသို့ ပို့ဆောင်ကာ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ထိုင်းနိုင်ငံ၊ ဖိချစ် (Phichit) ခရိုင်၊ ထပ်ခလော (Thap Khlo) မြို့နယ်အတွင်းသို့ တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၂၁ ဦးကို ထိုင်းရဲတပ်ဖွဲ့နှင့် အာဏာပိုင်များ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဇွန်လ ၂၁ ရက်နေ့တွင် ဖိချစ်ခရိုင်၊ ထပ်ခလောမြို့နယ်ရဲတပ်ဖွဲ့ အဝေးပြေးလမ်းမကြီး အမှတ် ၁၁ ပေါ်တွင် ထိုင်းနိုင်ငံမြောက်ပိုင်းမှတစ်ဆင့် ဘန်ကောက်မြို့သို့ တရားမဝင် ခိုးဝင်မည့် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများကို တားဆီးနှိမ်နင်းရန် စစ်ဆေးရေးဂိတ်များကို တင်းကျပ်စွာ စစ်ဆေးမှုများပြုလုပ်နေစဉ် ခေါင်နို့ယူးကျေးရွာအတွင်းရှိ လမ်းဘေးမြက်တောထဲတွင် တရားမဝင် မြန်မာနိုင်ငံသားများ ရောက်ရှိနေသည့်ဟု သတင်းပေးပို့တိုင်ကြားချက်အရ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၁ ဦး သည် တရားဝင် နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားလာခွင့် အထောက်အထား မရှိ၍ ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၂၁ ဦး ထွက်ဆိုချက်အရ ၎င်းတို့သည် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာခဲ့ခြင်းဖြစ်ပြီး၊ ချွန်ဘူရီခရိုင် (Chonburi) သို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ဖြစ်ကြောင်း၊ ၎င်းတို့သည် ပစ်ကပ်ကားများဖြင့် လိုက်ပါလာကာ လမ်းခရီးတွင် ပွဲစားများက အဆိုပါဒေသအတွင်း ရဲတပ်ဖွဲ့မှ စစ်ဆေးရေးဂိတ်များ တင်းကျပ်စွာ ချထားကြောင်း သိရှိသွား၍ ဖမ်းဆီးခံရမည်ကို ကြောက်လန့်ကာ မြန်မာ ၂၁ ဦးလုံးကို ခေါင်နို့ယူးရွာရှိ လမ်းဘေးမြက်တောထဲတွင် ပုန်းအောင်ခိုင်းခဲ့ပြီး မောင်းပြေးသွားခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၂၁ ဦးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်နေထိုင်မှုဖြင့် အမှုဖွင့် အရေးယူနိုင်ရန် ထပ်ခလောမြို့နယ်ရဲစခန်း စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ ထံသို့ လွှဲပြောင်းပေးအပ်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။






