ရန်ကုန်၊ ဇွန် ၂၄
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ် အစပ်တွင် စစ်တပ်က ဖမ်းဆီးထားသော ပြည်သူ ၁၅ ဦး ပျောက်ဆုံးနေပြီး ပြည်သူ ၅ ဦးလည်း သတ်ဖြတ်ခံထားရကာ ကမ္မမြို့ပေါ်သို့ စစ်ကားများ ထပ်မံရောက်ရှိလာပြီး တွင်းမရွာဘက်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၅ ရက်နေ့တွင် ကမ္မမြို့မှ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ် အစပ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်သည် လမ်းတောက်လျောက်ရှိ စစ်ကြောင်းနှင့် တွေ့ဆုံခဲ့သော ပြည်သူ ၂၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးထားသူများထဲမှ သာစည်ရွာမှ အသက် ၆၁ နှစ်အရွယ် ဦးဝင်းရွှေ၊ နှမ်းဆီကန်ရွာမှ အသက် ၅၆ နှစ်အရွယ် ဦးမြင့်ဦး၊ မြေရင့်ရွာမှ စိတ်ရောဂါ ခံစားနေရသော အသက် ၄၀ နှစ်အရွယ် ကိုကျော်လွင်၊ မိတ္ထိလာရွာမှ အသက် ၃၂ နှစ်အရွယ် ကိုနေဇော် နှင့် မိတ္ထိလာရွာမှ အသက် ၃၃ နှစ်အရွယ် ကိုမင်းမင်းဦး တို့ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်ရှိနေသော ဖမ်းဆီးခံရသည့် ပြည်သူ ၁၅ ဦး၏ သတင်းအချက်အလက်များကို ရရှိခြင်းမရှိသေးဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း၊ ထို စစ်ကြောင်းသည် တွင်းမရွာ အနီးပတ်ဝန်းကျင်တွင် လက်ရှိချိန်ထိ တပ်ဖြန့်ထားကာ စစ်ကြောင်းများ ခွဲထားကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းကို စစ်ကူပေးနိုင်ရန်အတွက် ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော စစ်ကား ၇ စီးပါ ယာဉ်တန်းသည် လက်ရှိတွင် ကမ္မမြို့ပေါ်ရောက်ရှိလာပြီး တပ်အင်အားစုဖွဲ့နေကာ အင်အား ရာနှင့်ချီ ပါဝင်ကြောင်း၊ ထို စစ်တပ် စစ်ကြောင်း ထွက်ခွာလာမည့် အချိန်ကို ဆက်လက် စောင့်ကြည့်နေကြောင်း သိရသည်။
“မြိုင်နဲ့ ပခုက္ကူ အစပ်မှာ ပြည်သူတွေ ဖမ်းခံရတာ ၂၀ လောက်ရှိတယ်။ ၅ ဦးကတော့ သတ်လိုက်ပြီး အလောင်းတွေရှာတွေ့တယ်။ ကျန်တဲ့ ၁၅ ဦးရဲ့ သတင်းက ပျောက်ဆုံးနေတယ်။ အလောင်းတွေလည်းရှာမတွေ့သေးဘူး။ အခု စစ်ခွေးစစ်ကြောင်းက တွင်းမရွာ ပတ်ဝန်းကျင်မှာရှိနေတယ်။ အဲ့စစ်ခွေးတွေက မြစ်ခြေမှာ ပြည်သူတွေကို ရက်စက်စက် သတ်သွားတဲ့ကောင်တွေ အခုအဲ့ခွေးတွေဆီကို စစ်ကူထပ်ပို့ဖို့ ကမ္မမြို့ပေါ်မှာ စစ်ကား ၇ စီးထပ်ရောက်လာတယ်။ အင်အား ရာနဲ့ချီတယ်။ ဘယ်အချိန်စထွက်မလဲတော့ မသိသေးဘူး” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ယမန်နေ့က တော်လှန်ရေးတပ်ဖွဲ့များ FPV ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် Mi-17 ရဟတ်ယာဉ် ပျက်ကျသွားသော နေရာကိုလည်း စစ်တပ်က ၂ ရက်ဆက်တိုက် Mi-35 ၊ Y-12 လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် မြိုင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာ ၂၀ ခန့်မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ – ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင် အကြမ်းဖက် စစ်သားများ ဖမ်းဆီး ခေါ်ဆောင်သွားသော ပြည်သူ ၁ ဦး (ပုံအဟောင်းဖြစ်သည်)




