ရန်ကုန်၊ မေ ၂၆
ကရင်နီပြည်နယ်တွင် ကရင်နီပြည်ရဲဌာနက ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသားများအနက်မှ ၂၄ ဦးကို ယနေ့ မေလ ၂၆ ရက်တွင် ခံဝန်ကတိများဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက သတင်းထုတ်ပြန်သည်။
ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီသတင်းပေးများ၊ non CDM များ အပါအဝင် ဖမ်းဆီးထားသော အကျဉ်းသား ၁၂၆ ဦး ရှိပြီး ၎င်းတို့အနက်မှ ၂၄ ဦးကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က ခံဝန်ကတိဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းဖြစ်သည်။
ကရင်နီပြည်ရဲဌာကအနေဖြင့် စစ်ကောင်စီထောက်လှမ်းရေးတပ်များ၊ ဒလန်များ၊ စစ်သားများ၊ ရဲများနှင့် စစ်ကောင်စီကို ထောက်တိုင်အဖြစ် ပါဝင်နေသူမှန်သမျှနှင့် အခြားရာဇဝတ်မှု ကျူးလွန်သူများကို ကရင်နီပြည်ရဲဌာနနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့က ဆက်လက်ဖမ်းဆီးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင်အဖြစ် ပါဝင်ပတ်သက်နေသူများအနေဖြင့် အမြန်ဆုံး သိရှိပြင်ဆင်ပြီး ပြည်သူ့အစိုးရ၊ ပြည်သူ့တပ်ဖွဲ့များ၊ ပြည်သူများဘက်သို့ ပူးပေါင်းကြရန် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။