35 C
Yangon

ရွှေဘို-ခင်ဦး လမ်းပိုင်းတွင် စစ်တပ် ထောက်ပို့ ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သား ၁၄ ဦးသေဆုံး၊ ဂန့်ဂေါ၊ ရေစကြိုနှင့် ဆိပ်ဖြူတို့တွင်လည်း စစ်ကားများ မိုင်းဆွဲ ခံရပြီး စစ်သား ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၈

စစ်ကိုင်းတိုင်း ရွှေဘိုမှ ခင်ဦးသို့ ထောက်ပို့သွားပြီး ပြန်လာလာသည့် အကြမ်းဖက် စစ်တပ် ဆယ်ဘီးကား ၄ စီးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ များက မေလ ၂၅ ရက်နေ့ ည ၈ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း မော်ကွန်းညီနောင် (ခင်ဦး-ပကဖ) အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ဆယ်ဘီးကား ၄ စီးကို မော်ကွန်းညီနောင်နှင့် မဟာမိတ် တပ်ဖွဲ့ များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးကုန်းကျေးရွာနှင့် ဆင်ချောင်းကျေးရွာကြားရှိ လယ်ကြီး တံတားအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကားကို ယနေ့ မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃ဝ မိနစ်တွင် Yesagyo PDF တပ်ဖွဲ့မှ မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေစကြို PDF တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကားသည် မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် လမ်း‌ဘေးထိုးကျပြီး ကားပေါ်တွင် လိုက်ပါလာသော စစ်သား တချို့က အနီး ပတ်ဝန်းကျင်ကို ယမ်းသမ်း ပစ်ခတ်ခဲ့ကာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း ရေစကြို PDF တပ်ဖွဲ့မှ ထုတ်ပြန် ထားသည်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ပေါက်လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များ လိုက်ပါ စီးနင်းလာသော ကား ၁ စီးကို ယနေ့ မေလ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ဆိပ်ဖြူ မြောက်ပိုင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ NSP က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးသွားကြောင်း NSP တပ်ဖွဲ့ထံမှ သိရသည်။

မကွေးတိုင်း ဂန့်ဂေါခရိုင် ရေလှောင်တမံဒေသတွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်တပ်ကို Yaw Defense Force – YDF တပ်ဖွဲ့က ယနေ့ မေလ ၂၈ ရက်နေ့တွင် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း YDF တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ကင်းလှည့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့သော မိုင်း ၃ လုံးသည် ပြင်အားများသော ပေါက်ကွဲကောင်းသည့် မိုင်းများဖြစ်ကာ ပေါက်ကွဲ သံကို ၁၅ မိုင်ခန့် အထိကျယ်လောင်စွာ ကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်ဟု Yaw Defense Force – YDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဂန့်ဂေါခရိုင် မြစ်သာရေလှောင်တမံ ဒေသအတွင်း အကြမ်းဖက် စစ်တပ်က မေလ ၂၆ ရက်နေ့မှ စတင်ကာ စစ်ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး စစ်တပ် အင်အား ၈၀ ကျော်ဖြင့် နယ်မြေ ရှင်းလင်းရေးများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

Photo Crd – European Eye on Radicalization

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article