ရန်ကုန်၊ ဧပြီ ၁၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ဘားအံမြို့နယ်၊ ကျုံမသွယ်ကျေးရွာအုပ်စုအတွင်းရှိ ရွှေလူရွာ၊ ဘန့်ဘွေးကုန်းရွာ၊ သစ်ဝါးရွာနှင့် ဝါးဘိုရွာ များကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“စစ်ခွေးတွေက Y-12 လေယာဉ်နဲ့ တောက်လျှောက် ကျဲချသွားတာ ဗုံးအလုံးရေး တော်တော်များတယ်။ ပြည်သူတွေလည်း အသက်ဘေးလွတ်အောင် ပြေးနေရတော့ ထိခိုက်မှု အခြေအနေမသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အလားတူ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၅ ရက်နေ့နှင့် ဧပြီလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လူသောမြို့နယ်အတွင်းရှိ ကျေးရွာများကို လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် နေအိမ်များလည်း မီးလောင်ပျက်စီးမှုရှိကြောင်း သိရသည်။
“လူသောမြို့နယ်ထဲက ရွာတွေကို စစ်ခွေးတွေက ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေ ထိခိုက်သေဆုံးတာရှိပါတယ်။ နောက်ပြီး နေအိမ်တွေလည်း မီးလောင်ပြာကျတယ်။ ပြည်သူတွေ သေဆုံးမှု အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ လေကြောင်းကလည်း ဒီနေ့ထပ်ကျဲပြီး ခေါင်းပေါ်မှာ ဆက်တိုက်ကို ပျံဝဲနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့အတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ် အစပ်ရှိ ကျောက်ကုန်းရွာနှင့် သရက်ချိုရွာအပါအဝင် အရာတော် တောင်ပိုင်းရှိ ကျေးရွာများကို ဂျက်ဖိုက်တာ၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ညနေပိုင်းမှာ အရာတော်နဲ့ ဝက်လက် မြို့နယ်အစပ်ကရွာတွေကို စစ်ခွေးတွေက ထပ်ကျဲသွားတာ ပြည်သူတွေ ထိခိုက်မှု ရှိ၊မရှိဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ အရာတော်နယ်ထဲမှာ လေယာဉ်နဲ့ စက်တပ်လေထီးတွေက ဒီနေ့ မွန်းလွဲပိုင်းက စပြီး တောက်လျှောက်ကို ပျံဝဲနေတာ”ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။




