ရန်ကုန်၊ မေ ၂၉
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ၆ လသားအရွယ် ကလေးမိခင် ၁ ဦး နှင့် စစ်ဘေးရှောင် သား အမိ ၂ ဦး စုစုပေါင်း ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ကလေးမြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မေလ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်မှစတင်ပြီး စစ်ကောင်စီတပ်များက ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် တာဟန်းရပ်ကွက် မေတ္တာ (Agape) ဆေးရုံအနောက်ဖက် ကပ်ရပ် နေအိမ်တစ်ခုပေါ်သို့ ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ မင်းကင်းဘက်မှ စစ်ဘေးရှောင်လာသော အသက် ၄၅ အမျိုး သမီး နှင့် အသက် ၂၇ နှစ်အရွယ် သားဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးကြောင်း ၊ အသက် ၂၅ နှစ်အရွယ် ကလေးမိခင် ၁ ဦးလည်း သေဆုံးသွားကြောင်း သိရှိရသည်။
စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားသည့် ကလေးမိခင်မှာ MC Vanlalawmpuii(Puipui) အသက် ၂၅ နှစ်ဖြစ်ပြီး ၆ လသားအရွယ် ကလေးငယ်ကျန်ရစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားသော ပြည်သူ ၃ ဦး။

