ရန်ကုန် | မေ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ခိုလမ်မြို့အခြေစိုက် အာဏာသိမ်း စစ်ကောင်စီတပ် ခလရ ၆၆ တပ်ရင်းက တပ်ဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ တပ်သား စောဝေဖြိုးအောင် မနေ့မေလ ၂၈ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)တပ်ဖွဲ့ဆီ လာရောက် ခိုလှုံပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ DMO-PDFက ထုတ်ပြန်ပါတယ်။
အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား စောဝေဖြိုးအောင်ဟာ အာဏာသိမ်းစစ်တပ်မှာ ၁၂နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ရက်နေ့မှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ချိကယ်ရပ်ကွက် နယ်မြေလုံခြုံရေး ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားဟာ မေလ၂၅ရက်နေ့မှာ စစ်ကောင်စီတပ်ကနေ ထွက်ပြေးလာပြီး မနေ့က DMO-PDFဆီ ရောက်ရှိလာတယ်လို့ဆိုပါတယ်။
တပ်မတော်သားတွေမှာ စိတ်ပိုင်းကိုယ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမျိုးမျိုးကြုံနေရပြီး ပြည်သူပိုင်ပစ္စည်းခိုးယူတာ၊ အိမ်ကိုမီးရှို့ဖျက်ဆီးတာ ၊ မူးယစ်ဆေးဝါးသုံးစွဲတာနဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပစ်ခတ်တာ စတဲ့ မတရားမှုတွေကို နေ့စဥ်ပြုလုပ်နေရတဲ့အတွက် မကြိုက်တော့လို့ စစ်တပ်ကိုစွန့်ခွာပြီး ပြည်သူဘက်ကို ခိုလှုံလာတာလို့ တပ်သားစောဝေဖြိုးအောင်ပြောကြောင်း DMO-PDFက ထုတ်ပြန်ထားပါတယ်။
အခုလို အလင်းဝင်ရောက် ခိုလှုံလာတဲ့ တပ်သား စောဝေဖြိုးအောင်ကို နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ပြီး လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေလုပ်ကာ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ DMO- PDFက ဆိုပါတယ်။
စစ်ကောင်စီတပ်က စွန့်ခွာလိုတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO- PDF)က နွေးထွေးစွာကြိုဆိုလက်ခံသွားမှာဖြစ်ပြီး လက်နက်ယူဆောင်လာရင် ကျပ်သိန်း၅၀ ဆုငွေချီးမြှင့်မယ်လို့ အသိပေးထားပါတယ်။
ဓါတ်ပုံ – DMO- PDF