29 C
Yangon

ပန်းတောင်းတွင် စစ်တပ်နှင့် ဆက်စပ်နေသည့် မူးယစ်ဆေးဝါး သယ်ဆောင်သူ ၂ ဦးကို WY စိတ်ကြွဆေးပြားပေါင်း ၃၂ သိန်းနှင့်အတူ AA နှင့် ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ မေ ၂၀

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဆက်စပ်နေသည့် မူးယစ်ဆေးဝါး သယ်ဆောင်သူ ၂ ဦးကို WY စိတ်ကြွဆေးပြားပေါင်း ၃၂ သိန်းနှင့်အတူ အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့ကြောင်း အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မေလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီး ဝန်းကျင်၌ နယ်မြေကင်းလှည့်နေစဉ် မသင်္ကာဖွယ်ရာ တဲတစ်လုံးကို တွေ့ရှိရသဖြင့် ဝင်ရောက်စစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးရာ တဲအတွင်းမှ ဥသျှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ နှစ်အရွယ် အောင်လကျော်နှင့် ပြည်မြို့၊ ဗိုလ်တထောင်ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၁ နှစ်အရွယ် အောင်ကျော်မိုး တို့ ၂ ဦးကို RS မြင်းတံဆိပ်ပါ WY စိတ်ကြွမူးယစ်ဆေးပြား အရေအတွက် ၃၂ သိန်း၊ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးပေါ်ပေါက်ချက်များအရ အဆိုပါ WY စိတ်ကြွဆေးပြားများ၏ အဓိကပိုင်ရှင်များမှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ အသက် ၄၁ နှစ်အရွယ် မိုးကျော်ထွေး နှင့် အင်းစိန်မြို့နယ်တွင် နေထိုင်သူ အသက် ၄၄ နှစ်အရွယ် ရန်နိုင် တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွှယ်နေသူများ ဖြစ်ကြပြီး၊ ယင်းမူးယစ်ဆေးဝါးများကို စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် ပြည်ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် လုံးဝ စစ်ဆေးခြင်းမရှိဘဲ လမ်းဖွင့်ပေးကာ ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးရမိထားသည့် တရားခံများက ထွက်ဆိုထားသည်။

“ခေတ်အဆက်ဆက်တွင် စစ်တပ်၏ တပ်ဖွဲ့ဝင်များနှင့် စစ်ဆေးရေးဂိတ်များသည် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများကို အဓိကထား၍ တောက်လျှောက်ပြုလုပ်ခဲ့ကြပြီး၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်ပျက်နေသည့် ကာလတွင် စစ်တပ်၏ တပ်ဖွဲ့ဝင်များသည် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများကို ယခင်ကထက် ပြင်းပြင်းထန်ထန် ဗြောင်ကျကျ လုပ်ဆောင်နေပြီး မူးယစ်ဆေးဝါး ကုန်ကူးသူများနှင့်ပါ ယခင်ကထက် ပိုမိုပူးပေါင်းကာ ပြုလုပ်နေကြောင်း၊ အထူးသဖြင့် စစ်တပ် ထိန်းချုပ်နယ်မြေများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများကို ယခင်ကထက် ပိုမိုကြီးမားကျယ်ပြန့်စွာ လုပ်ဆောင်လျက်ရှိသည်”ဟု အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ မူးယစ်ဆေးဝါးသယ်ဆောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် မေလ ၁၅ ရက်နေ့တွင် အမှုဖွင့်လှစ် အရေးယူထားပြီး ဖြစ်သည်။

လက်ရှိတွင် အမှုမှ သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်း၊ ကွင်းဆက်တရားခံများကို ဆက်လက်စစ်ဆေးဖော်ထုတ်အရေးယူခြင်း အပါအဝင် ကျန်ရှိသည့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးလုပ်ငန်းစဉ်များကို ပြည့်စုံခိုင်မာစွာ တည်ဆောက်ပြီး ဥပဒေအကြံပြုချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ပဲခူးတိုင်း ပန်းတောင်းဒေသသည် လက်ရှိမြန်မာနိုင်ငံတွင် စစ်ရေး၊ ပထဝီနိုင်ငံရေးနှင့် နိုင်ငံရေးပထဝီအရ အာရက္ခတပ်တော် (AA) လှုပ်ရှားရာ နယ်မြေဒေသတစ်ခုဖြစ်လာပြီး၊ အာရက္ခတပ်တော် (AA) အနေဖြင့် ယင်းဒေသ၌ ဒေသခံ ပြည်သူလူထုနှင့် ပူးပေါင်းကာ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မိမိတို့ လှုပ်ရှားရာ နယ်မြေတိုင်းတွင် မူးယစ်ဆေးဝါးပပျောက်ရေးအပြင် ကျားဖျန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) လုံးဝမရှိစေရ ဆိုသည့် မူကို အခိုင်အမာစွဲကိုင်ကာ ပြတ်ပြတ်သားသား နှိမ်နင်းလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article