38 C
Yangon

ယူကရိန်း ပြည်သူလူထု၏ ခွန်းအား အရင်းအမြစ်များ သို့မဟုတ် မြန်မာ့နွေဦးတော်လှန်ရေး အတွက် အသုံးဝင်နိုင်မည့် အကြံဉာဏ်ကောင်းအချို့ (ဒုတိယပိုင်း)

Must read


ယခုဆောင်းပါးသည် ပြီးခဲ့သည့် ရက်သတ္တပတ်က ကျင်းပခဲ့သော “ယူကရိန်း ပြည်သူလူထု၏ ခွန်းအား အရင်းအမြစ်များ – နွေဦးတော်လှန်ရေး အတွက် အသုံးဝင်နိုင်မည့် အကြံဉာဏ်ကောင်းအချိူ့” အမည်ရှိ အွန်လိုင်းဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို နောက်ဆုံးအပိုင်းအနေနှင့် ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် Educational Initiatives အဖွဲ့ကို တည်ထောင်သူလည်းဖြစ်၊ မြန်မာ့အရေး ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်သော Igor Blazevic က အခမ်းအနားတင်ဆက်သူအဖြစ် တာဝန်ယူ မေးမြန်းဆွေးနွေးခဲ့ပြီး၊ ယူကရိန်းနိုင်ငံ အမျိုးသားတက္ကသိုလ်၊ လူမှုဗေဒဌာနနှင့် စီးပွားရေးသင်တန်းကျောင်း၊ တွဲဖက်ပါမောက္ခ Mychailo Wynnyckyj က အဆိုပါမေးခွန်းများအပေါ် အပြန်အလှန် ပြန်လည်ဆွေးနွေး ဖြေဆိုသွားဖြင်းလည်း ဖြစ်သည်။ ၄င်းတို့၏ ဆွေးနွေးချက်များအနက်မှ မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် ပြောကြားချက်များကို အောက်ပါအတိုင်း ပြန်လည်ဖော်ပြအပ်ပါသည်။
======

IGOR – ကျွန်တော်တို့ အခုပြောနေတဲ့ လွန်ခဲ့တဲ့ (၈) နှစ်၊ ယူကရိန်း အာဏာရှင် ဆန့်ကျင်ရေးအကြောင်းကို ရေးခဲ့တာ ရှိပါ တယ်။ စာအုပ်ထဲမှာ အဲဒီတုန်းက ကျွန်တော်တို့ ဘာကြောင့် အောင်မြင်သလဲဆိုတော့ နိုင်ငံရေးသမားတွေကို မယုံတော့တာ၊ ခေါင်းဆောင်တွေ ဘာအမိန့်ပေးမလဲ၊ ဘာပြောမလဲဆိုတာ ထိုင်စောင့်မနေလို့ အောင်မြင်တာလို့ ကျွန်တော်တို့ ပြောချင်တယ်။

အဲဒီတုန်းက ဆန္ဒပြတဲ့လူတွေဟာ တယောက်နဲ့တယောက် ချိတ်ဆက်တဲ့နေရာမှာ တော်တော်လိုအပ်တာတွေ ရှိတယ်။ ဒီလိုရှိနေတာကို သိနေပေမဲ့လည်း ယုံကြည်မှုပေါ် မူတည်ပြီးတော့ ဒီအဖွဲ့သေးသေးလေးတွေက ဘယ်သူပြောတာကိုမှ ထိုင်စောင့်မနေ ဘူး။ လုပ်စရာရှိတာကို ချိတ်ဆက် တွန်းထိုး လုပ်ကြတဲ့အခါမှာ ကျွန်တော်တို့ကို ရပ်ဖို့၊ ကျွန်တော်တို့ကို ဖြိုခွဲဖို့ အလွန်ခက်ခဲ ခဲ့တာကို ကျွန်တော်တို့ တွေ့ပါတယ်။

နောက်ထပ် ဒီမှာ ကျွန်တော်မေးချင်တဲ့ မေးခွန်းတခု ရှိပါတယ်။

ယူကရိန်း အတွေ့ အကြုံကိုပဲ ပြန်ပြောရမယ်ဆိုရင် ယူကရိန်းမှာ ပြည်သူတွေ အောင်ပွဲခံပြီးနောက် ၂ နှစ်မှာတော့ နိုင်ငံရေးသမားတွေသည်လည်းပဲ နောက်ကြောင်းပြန်တယ်။ နဂိုကလောက် လုပ်တာ သိပ်မတွေ့တော့ဘူး ဆိုတဲ့ဟာ တွေ့ရတယ်။

တက်ကြွတဲ့ လူ့အဖွဲ့အစည်းနဲ့ ခုနက သိပ်မယုံကြည်ရတဲ့ ခေါင်းဆောင်မှု နိုင်ငံရေး သမားတွေ ရှိနေတဲ့အခြေအနေမျိုးမှာ၊ တယောက်နဲ့တယောက် ယုံကြည်မှု ဘယ်လိုတည်ဆောက်မလဲ။ တယောက်နဲ့ တယောက် အချိတ်အဆက် ဘယ်လိုလုပ်ကြမလဲ။

လူ့အဖွဲ့အစည်းက တက်ကြွတယ်။ သို့သော် နိုင်ငံရေးခေါင်းဆောင်တွေကို ကြည့်လိုက်တော့ တကယ်ကို အားရစရာ မရှိဘူး။ သို့သော် သူတို့ မပါနေလို့ မဖြစ်ဘူး။

အဲဒီတော့ နိုင်ငံရေးအစုအဖွဲ့တွေနဲ့ တက်ကြွတဲ့အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုများ ဒီအခြေအနေ ၂ ခုကို ဘယ်လို များလုပ်ကြရမလဲ။ အဲဒီအခြေအနေ ၂ ခုကို ပေါင်းမကူးနိုင်လို့ ဒီမိုကရေစီနိုင်ငံတွေမှာ အခက်အခဲတွေ ဖြစ်နေတာတွေကိုလည်း တွေ့ရတယ်ဆိုတော့။

MYCHAILO – ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့ အစုအဖွဲ့လိုက် ယူကရိန်းမှာ လက်ရှိ အခြေအနေတွေအတွက် ဘယ်လို စဉ်းစားကြမလဲ၊ ဘယ်လို လုပ်ကြမလဲ ဆိုတာကို ဝိုင်းပြီး စဉ်းစားကြတာတွေ ရှိပါတယ်။

လက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့တွေးပုံသည် အစိုးရဆိုတာက သက်သက်၊ တ နည်းအားဖြင့်ဆိုရရင် နိုင်ငံရေး အစုအဖွဲ့က သက်သက်၊ အုပ်ချုပ်သူ လူတန်းစားက သက်သက်၊ လူ့အဖွဲ့အစည်းက သက်သက်၊ ဒါပေမဲ့ အစိုးရနဲ့ ဒီလူအဖွဲ့အစည်းကြားထဲမှာ ဘာတော့ရှိလဲဆိုရင် တယောက်နဲ့ တယောက် အပေးအယူ ရှိတယ်။

ငါတို့က မင်းတို့ကို ရွေးကောက်မယ်။ မင်းတို့ကို ထောက်ခံမယ်။ မင်းတို့ကို မဲပေးမယ်။ မင်းတို့ အစိုးရဖြစ်သွားတဲ့အခါမှာ ငါတို့အတွက် မင်းတို့ လုပ်စရာရှိတာ ပြန်လုပ်ပေးဆိုတဲ့ အပေးယူသဘောနဲ့ သွားတာတော့ ရှိတယ်။

သို့သော် ဒီ ၂ စု ၂ ဖွဲ့ဟာ တခုတည်း မဟုတ်ဘူး။ သက်သက်စီဆိုတာမျိုး ကျွန်တော်တို့ တွေးကြတာ၊ အဲဒါသည် ၁၉ ရာစု ၂၀ ရာစုက တွေးပုံမျိုး ဖြစ်တယ်။

အဲဒီတော့ ကျွန်တော်တို့ ဘာပြန်စဉ်းစားလဲဆိုရင်၊ အခုလက်ရှိ ကျွန်တော်တို့ တွေးရမှာက အောက်ခြေအလိုက် သွားတဲ့၊ အစိုးရရော လူ့အဖွဲ့အစည်းရော အားလုံးသည် တပြေးညီဆိုတဲ့ အတွေးအခေါ်ကနေ ကျွန်တော်တို့ သွားရမယ်။

အဲဒီလို တပြေးညီသွားဖို့ ဘာလုပ်ကြရလဲဆိုတာကို အခုလက်ရှိမှာ ဒါကို စဉ်းစားနေကြဆဲလည်း ဖြစ်တယ်။

သေချာတာ တခုကတော့ တဦးတယောက်တည်း ဆီကလာတဲ့ ဆုံးဖြတ်ချက်မျိုး လုပ်ရမှာ မဟုတ်ပဲ၊ အားလုံး သဘောတူညီပြီးတော့ အစုအဖွဲ့ လိုက် ဝိုင်းဆုံးဖြတ်တယ် ဆိုတာမျိုး ဖြစ်ရမယ်ဆိုတာမျိုးကို နံပါတ် (၁) အချက်အနေနဲ့ ကျွန်တော်တို့ တွေ့ရတယ်။

အဲဒီလိုလုပ်တာက တယောက်တည်း ဆုံးဖြတ်လိုက်တာထက် မြန်မြန်လည်း ထိရောက်တယ်။ အားလုံးရဲ့အကြောင်းကို ပြောချင်တာကိုလည်း ပြောခွင့်ရ၊ နားထောင်ခွင့်ရပြီး အစုအဖွဲ့လိုက်ကနေ စုစည်းလှုပ်ရှားမှုမှာလည်း တဦးတယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ မဟုတ်ဘဲနဲ့ အများ ဆုံးဖြတ်ချက်နဲ့လာမှ အဆင်ပြေတယ်ဆိုတာမျိုးကို ကျွန်တော်တို့ စဉ်းစားကြတယ်။

နောက်တစ်ခု ကျွန်တော်ဒီမှာ ဝေမျှချင်တာ ကျွန်တော်တို့ တစ်ယောက်ချင်းစီက ကိုယ်ဘာအကောင်းဆုံး လုပ်နိုင်တယ်ဆိုတာ ရှာဖွေပြီး ကိုယ်လုပ်နိုင်တဲ့ အလုပ်ကို လုပ်နေကြဖို့ပဲ လို့ ကျွန်တော်ထင်တယ်။

ကျွန်တော်တို့ ဘာအကောင်းဆုံးလုပ်နိုင်သလဲ၊ အဲဒါကို ကျွန်တော်တို့ လုပ်ရပါမယ်။

ကျွန်တော်ဆို ရှေ့တန်းလည်း မသွားနိုင်ဘူး။ သေနတ်လည်း မကိုင်နိုင်ဘူး။ တိုက်ပွဲလည်း မဝင်နိုင်ဘူး။ သိုသော် ကျွန်တော်သတင်းအချက်အလက်တွေ စုစည်းနိုင်တယ်။ ဝေဖန်ပိုင်းခြား သုံးသပ်နိုင်တယ်။ ဝေဖန်ပိုင်းခြား သုံးသပ်ထားတာလေးတွေကို ကျွန်တော် ပြန်ပြောနိုင်တယ်။ ဒီအလုပ်ကို ကျွန်တော် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ဒီအလုပ်ကို ကျွန်တော်လုပ်ပါတယ်။ အဲဒီတော့ ကျွန်တော်ပေးချင်တဲ့ အကြံဉာဏ်က တစ်ယောက်တည်းနဲ့ အကုန်လုံးကို လုပ်ဖို့ မကြိုးစားစေချင်ပါဘူး။

မြန်မာပြည်ရဲ့လှုပ်ရှားမှုက အောင်မြင်မယ်။ အောင်လည်း အောင်မြင်မယ်လို့ ယုံကြည်တယ်။ အောင်မြင်ဖို့ ဆိုရင် အားလုံးဟာ ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ အပိုင်းတွေကို တစ်ခုချင်းစီကို လုပ်သွားခြင်းအားဖြင့် အကျိူးတရားအားလုံး စုစည်းမိတဲ့ အကျိူးဆက် ထွက်လာပြီး အဆင်ပြေမယ်လို့ ဒီလိုပဲ ယေဘူယ အကြံပေးလိုပါတယ်။
==============

IGOR : ကျွန်တော်ကတော့ ဒီမှာ ၂ ခုလောက် ဝင်ပြောချင်တာ ရှိပါတယ်။ မြန်မာပြည်ရဲ့ အားသာချက်သည် ဘယ်မှာလဲလို့ ပြောမယ်ဆိုရင် မြန်မာပြည်သူတွေသည် စစ်အုပ်ချူပ်မှုအောက် ရောက်မှုကို လက်မခံဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသပြီး ဖြစ်တယ်။

ပါမောက္ခ အစောပိုင်းမှာ ပြောခဲ့တဲ့အထဲမှာ လူတွေက လက်မခံဘူးဆိုတဲ့ အချက်က အရေးကြီးကြောင်း ပြောခဲ့ပါတယ်။ လူတွေက အုပ်ချူပ်မှုကို လက်မခံဘူးဆိုရင် ဘယ်လိုမှ အုပ်ချူပ်လို့ မရနိုင်ဘူး။ အုပ်ချူပ်နိုင်စရာ အကြောင်းမရှိဘူး ဆိုတာကို ပါမောက္ခ ပြောခဲ့တယ်။

မြန်မာပြည်သူတွေရဲ့ အခြေအနေက ဒီလောက်ရက်စက်တဲ့ နှိပ်ကွပ်ခံနေတဲ့ အခြေအနေ ကြားထဲမှာတောင် မင်းတို့ကို ငါတို့ လုံးဝ လက်မခံဘူးဆိုတာ ပြခဲ့တာဖြစ်ပြီး၊ တော်တော် အားကောင်းတဲ့ အချက်လို့ နံပတ် (၁) အချက်အနေနဲ့ ပြောချင်ပါတယ်။

နံပတ် (၂) အားကောင်းတဲ့ အချက်က အားလုံးသည် ကိုယ့်အစုအဖွဲ့ကို သိတဲ့နေရာမှာတော့ တော်တော် အောင်မြင်တယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။

သို့သော် ဆက်ပြီးလုပ်ဖို့ လိုနေတာက ဒီအစုအဖွဲ့တွေအားလုံး ချိတ်မိပြီး အောင်မြင်တဲ့ အခြေအနေကို ရောက်ဖို့တော့ လိုနေတယ် ဆိုတာမျိူးကို ကျွန်တော် ပြောချင်ပါတယ်။

ကျွန်တော်တို့ရဲ့ ခုခံမှု တိုက်ပွဲတွေ၊ လူထုလှုပ်ရှားမှုတွေမှာ အနိုင်ရရှိစေတဲ့ အကြောင်းရင်းတစ်ခုက ဘာလဲဆိုတော့ ကျွန်တော်တို့သည် ကျင့်ဝတ်နဲ့ သီလနဲ့ အညီ ပြုမူလှုပ်ရှားတယ် ဆိုတာမျိူး ပေါ်လွင်တဲ့အခါမှာ ကျွန်တော်တို့ နိုင်မှာလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် ခုနက ကျွန်တော်ပြောတဲ့ ကျင့်ဝတ်က ကျွန်တော်တို့ဘက်မှာ ရှိတယ်။

၂၀၁၄ မှာ ကီးရက်မြို့ကြီးရဲ့ မြို့လယ်ခေါင်တည့်တည့်ကို ဆန္ဒပြသမားတွေ ၃ လလောက် သိမ်းပိုက်ထားတဲ့ကာလမှာ အဆောက်အအုံတစ်ခု မှန်တစ်ချပ် မကွဲဘူး။ လုယက်တာမျိူး တစ်စုံတစ်ရာ တစ်ခုမှ မဖြစ်ဘူး။ ဒါပေမယ့် အဲဒီကာလမှာ အာဏာရှင်ရဲ့ စစ်တပ်တွေက ပစ်ခတ် သတ်ဖြတ်တာတွေ ရှိတယ်။ လုတာ ယက်တာတွေ ဖြစ်တယ်။ နှိပ်စက် သတ်ဖြတ် ဖမ်းစီးတာတွေ ရှိတယ်။

သို့သော် ကျွန်တော်တို့ ၃ လလောက် ရပ်တည်ခဲ့တဲ့ကိစ္စမှာ မတရားသဖြင့် လုပ်ခဲ့တာ ဘာမှမရှိဘူး။ အဲဒီအင်အား အဲဒီမှန်ကန်မှုဆိုတဲ့ အကျင့်သီလ အင်အားက ကျွန်တော်တို့ကို အောင်မြင်မှုဆီကို ခေါ်သွားပါတယ်။

လက်ရှိ စစ်ပွဲမှာလည်း စစ်ပွဲလို့ ဖြစ်လာရင် အင်မတန် ရက်စက်ပါတယ်။ ကြမ်းကြုတ်ပါတယ်။ စည်းလွတ်ဝါးလွတ်တွေ လုပ်လာပါတယ်။ ရုရှားစစ်တပ်က ယူကရိန်းမှာ စစ်ရာဝတ်မှု ကျူးလွန်နေတယ်လို့ ပြောလို့ ရပါတယ်။ မတရားလုပ်တယ်။ သတ်တယ်။ ဖြတ်တယ်။ မုဒိန်းကျင့်တယ်။ မျိူးစုံတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေပါတယ်။

သို့သော် ယူကရိန်းတွေ ဘက်ကတော့ ဘယ်သူမှ အမိန့်ပေး ခိုင်းစေတာ မရှိသော်လည်း၊ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်အစုအဖွဲ့နဲ့ ကိုယ်သိပြီး၊ ကိုယ်နိုင်ငံအတွက် ကိုယ့်လူမျိူးအတွက် တိုက်ပွဲဝင်နေတယ်ဆိုတဲ့ သီလနဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ သူတို့ဆီမှာ ကိုယ်စီရှိနေကြပါတယ်။

အဲဒီတော့ လှုပ်ရှားမှုတွေ အောင်မြင်ဖို့အတွက်ဆိုရင် ကိုယ်သည် ကျင့်ဝတ်သီလအရ အမြင့်မှာ ရှိနေဖို့နဲ့၊ မှန်ကန်တဲ့ ကျင့်ဝတ်သီလအတိုင်း ငါတို့သည် ခိုင်ခိုင်မာမာ ရပ်တည်ကြမည် လို့ ဆုံးဖြတ်လုပ်ကိုင် နိုင်ကြမယ်ဆိုရင်တော့ ကိုယ်စီကိုယ်စီရဲ့ လှုပ်ရှားမှုတွေဟာ အောင်မြင်လာမယ် ဆိုတာကို ကျွန်တော် ထပ်လောင်း ပြောချင်ပါတယ်။
========

IGOR : မြန်မာနွေဦးတော်လှန်ရေးမှာ အာဏာရှင်တွေကို လူထု တစ်ရပ်လုံးက တော်လှန်နေကြတယ်ဆိုပေမယ့်လည်း ဒီဘက်မှာ အမျိူးသားရေး အစွန်းရောက် အုပ်စုကလည်း ရှိနေတယ်။ သူတို့ဟာ စစ်အုပ်စုနဲ့ တသားတည်း ရှိနေတယ်။ စစ်အုပ်စု အုပ်ချူပ်တာကို လိုလားတဲ့လူတွေ ရှိနေတယ်။ ပါမောက္ခရှေ့မှာ ပြောသွားတဲ့ အထဲမှာလည်း ယူကရိန်းတောင်းပိုင်းမှာ ရုရှား အုပ်ချူပ်တာကို လက်ခံတဲ့ ယူကရိန်းတွေလည်း ရှိနေတယ်ဆိုတဲ့ အနေအထားကို ကြားရတယ်။ အဲဒီတော့ ယူကရိန်းတွေအနေနဲ့ ဒီကိစ္စကို ဘယ်လိုမျိူး ကိုင်တွယ်ဖြေရှင်းနေလဲ၊ ဘယ်လိုအနေအထားရှိမလဲ ဆိုတာ မြန်မာအရေးနဲ့ ယှဉ်တွဲပြီးတော့ သုံးသပ်ပေးပါ။

MYCHALO: ပထမဆုံး ကျွန်တော်ပြောချင်တာက တောင်ပိုင်းသည် ရုရှားကို ထောက်ခံတယ်လို့ ကျွန်တော် ပြောချင်တာ မဟုတ်ဘဲနဲ့ ရုရှားနဲ့ ပေါင်းချင်တဲ့ လူတော်တော်များများက အဲဒီမှာ ရှိတယ်လို့ ကျွန်တော်ပြောချင်တာပါ။

စစ်ဖြစ်ပြီး ၂ လလောက် အတွင်းမှာ တောင်ပိုင်းလူဦးရေရဲ့ ၄၀% လောက်က ရုရှားလက်အောက်ကနေ ရွေ့ပြောင်းကြတယ်လို့ ကျွန်တော်တို့ လေ့လာရတယ်။ ရုရှားကို ထောက်ခံတဲ့ လူ၊ ဒလန်လုပ်မဲ့ လူများတယ်။ ဒါပေမယ့် တောင်းပိုင်းတစ်ခုလုံး ရုရှားကို ထောက်ခံကြတယ်ဆိုတာတော့ မဟုတ်ဘူးဆိုတာ ပြန်ပြောချင်ပါတယ်။

မြန်မာနဲ့ မတူတာ တစ်ခုကတော့ မြန်မာပြည်မှာ အမျိူးသားရေး အစုအဖွဲ့တွေ အမျိူးသားရေး လှုပ်ရှားသူတွေ စစ်တပ်နဲ့ ပေါင်းကြတာရှိတယ်။ စစ်တပ်ဘက်က ရပ်တည်ကြတယ်။

ယူကရိန်းမှာတော့ ဒီဖြစ်စဉ်နဲ့ ဆန့်ကျင်တယ်။ ယူကရိန်းမှာ အမျိူးသား အင်အားစုတွေ လက်ယာစွန်းတွေလို့ ပြောတဲ့သူတွေက ကိုယ့်ဒေသကို အဓိက ခုခံနေတဲ့ လူတွေဖြစ်ကြတယ်။ ငါတို့သည် ယူကရိန်းတွေ ဆိုတဲ့ အမျိူးသားရေး ဝါဒီတွေက ရုရှားကျူးကျော်စစ်ကို ခုခံဆန့်ကျင်တဲ့ အလုပ်ကို အဓိက လုပ်သွားကြတာမျိူးတွေ တွေ့ရတယ်။

ကျွန်တော် နောက်တစ်ခု ပြောချင်တာက ယူကရိန်းမှာရှိတဲ့ အမျိူးသားရေးဝါဒ ဆိုတာက ခုနက “ ဘာသာစကားတို့ လူမျိူးတို့ အစွဲပေါ်မှာ အခြေခံတဲ့ အမျိူးသားရေးဝါဒ မဟုတ်ဘဲ၊ ငါတို့ ယူကရိန်းနိုင်ငံတော်ရဲ့ နယ်နိမိတ် ဧရိယာသည် ဒီ၍ ဒီမျှ ဆိုတဲ့ နယ်မြေပေါ်မှာ အခြေခံပြီး ယူကရိန်းနိုင်ငံတော် ဆိုတဲ့ အပေါ်မှာ အခြေခံတဲ့ အမျိူးသားရေးဝါဒ ဖြစ်တယ် “ ဆိုတာ ကျွန်တော် ပြောချင်တယ်။

ယူကရိန်းမှာ ရှိတဲ့ အမျိူးသားရေးဝါဒက ဘာသာနဲ့ လူမျိူးပေါ်မှာ အခြေမခံဘူး။ ယူကရိန်းက ပြည်သူအများစုသည် ခရစ်ယာန်တွေ ဖြစ်ကြတယ်။ သို့သော် လက်ရှိခေါင်းဆောင်ကြတော့ ဂျူးအနွယ်ကနေ လာတာလို့ ပြောလို့ ရတယ်။ နောက်တစ်ခုက …. သူတို့တွေသည် ဘာသာအားဖြင့် မတူကြဘူး။ ဒီလိုဘာသာ မတူကြသော်လည်း ယူကရိန်း ဆိုတဲ့ နယ်မြေဧရိယာထဲက လူတွေ ဆိုတာမျိူး ခံယူကြတယ်။ အဲဒီတော့ နိုင်ငံကိုပဲ ဗဟိုပြုတဲ့၊ နိုင်ငံချစ်စိတ်ကိုပဲ ဗဟိုပြုတဲ့ အမျိူးသားရေးဝါဒဖြစ်ပြီး၊ လူမျိူးစုအစွဲပေါ်မှာ အခြေခံတဲ့ အမျိူးသားရေးဝါဒ မဟုတ်ဘူးဆိုတာ ကျွန်တော် ရှင်းပြချင်ပါတယ်။

နောက်တစ်ခု ဒီမှာ ထပ်ပြောချင်တာက အတိတ်မှာ ဘယ်လို နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ ပြန်သွားတာ မဟုတ်ဘဲနဲ့ အနာဂတ်မှာတော့ ငါတို့ ဘယ်လို နိုင်ငံမျိူး တည်ဆောက်ချင်တယ်ဆိုတဲ့ အပေါ်မှာ အခြေခံ တွေးကြတာကိုလည်း ယဉ်ကျေးဖွယ်ရာရှိတဲ့ အမျိူးသားရေးဝါဒ ဆိုတာမျိူးအနေနဲ့ ရည်ညွှန်းလို့ ရတယ်လို့ ပြောချင်ပါတယ်။

နောက်တစ်ခုက ရှေ့အနာဂတ်ကို မျှော်တဲ့၊ အတိတ်ကို သိပ်ပြန် မကြည့်တာမျိူးလား ဆိုတဲ့ အီဂေါရဲ့ မေးခွန်းကလည်း အလွန်အရေးကြီးတယ်လို့ ပြောလိုပါတယ်။

ဒီနေ့ ယူကရိန်းမှာ ရှိနေတဲ့ ယဉ်ကျေးဖွယ်ရာရှိတဲ့ အမျိူးသားရေးဝါဒ၊ တိုင်းပြည်ချစ်စိတ်ကို အခြေခံတဲ့ လူမျိူးရေးဝါဒသည် ဘယ်ကနေ လာသလဲဆိုရင် အတိတ်ကို ပြန်ကြည့်တဲ့အခါမှာ ယူကရိန်းတွေအနေနဲ့ အတော်ကို ဒုက္ခရောက်တယ်။ တော်တော်ကို ခက်ခဲတယ်။ ဘာကြောင့်လဲဆိုတော့ ယူကရိန်းရဲ့ အတိတ်မှာ ရုရှားနဲ့ တိုက်ခဲ့တဲ့ ယူကရိန်းတွေ ရှိတယ်။ နာဇီဘက်က ပါတဲ့ ယူကရိန်းတွေ ရှိတယ်။ ရုရှားဘက် ပါခဲ့တဲ့ ယူကရိန်းတွေ ရှိတယ်။ နောက် ဆိုဗီယက်ပြည်ထောင်စု လက်အောက်မှာတုန်းကလည်း ယူကရိန်းသားတွေလို့ ပြောလို့ရတဲ့သူတွေက ရုရှားနိုင်ငံရဲ့ အကြီးအကဲတွေ ဖြစ်ခဲ့ကြတာမျိူးတွေ ရှိတယ်။ အဲဒီတော့ အတိတ်ကို ပြန်ကြည့်ရင် ရှုပ်ရှုပ်ထွေးထွေးနဲ့ ယူကရိန်းသားတွေအတွက် အလွန်ခက်ခဲခဲ့တယ်။

အဲဒီအတွက် ယူကရိန်းမှာ ဒီနေ့ရှိတဲ့ အမျိူးသားရေးဝါဒက နိုင်ငံချစ်စိတ်၊ ယဉ်ကျေးဖွယ်ရာရှိတဲ့ အမျိူးသားရေး စိတ်ဖြစ်တယ်။ အတိတ်ကတော့ ရှိတယ်။ အတိတ်ကို ဂုဏ်ယူတယ်။ သို့သော် အကြောင်းအမျိူးမျိူးတွေတော့ ဖြစ်ခဲ့ကြတယ်။ တကယ်တမ်း ငါတို့ ပိုကြည့်ရမှာက အနာဂတ်နိုင်ငံရဲ့ ပုံသဏ္ဍန်ကို ငါတို့ ပိုကြည့်မယ် ဆိုတဲ့ အမျိူးသားရေးဝါဒ ပုံသဏ္ဍန်နဲ့ သွားပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်မှာ ကတည်းက ငါတို့တွေသည် အတိတ်ကို ပြန်အခြေပြုပြီး တွေးတဲ့အတွေးနဲ့ မသွားကြတော့ဘူး ဆိုတဲ့ အတွေးအမြင်ဟာ ယူကရိန်း ပြည်သူတွေဆီမှာ ရှိပြီးသား ဖြစ်တယ်။ သို့သော် ဘယ်လို ရှေ့အနာဂတ် ပုံရိပ်မျိူးလဲ ဆိုတာကိုတော့ ပုံမပေါ်ခဲ့ကြဘူး။

လောလောဆယ် ဒီကျူးကျော်မှုကို ခံရပြီးတဲ့ နောက်မှာတော့၊ ဒီကျူးကျော်မှုကြီး ပြီးသွားရင် ငါတို့ နိုင်ငံတော်ရဲ့ ပုံရိပ်က ဘာဖြစ်ရမယ်ဆိုတာမျိူး ဝိုင်းတွေးကြတယ်။ ပညာရှင်တွေ အပါအဝင် ဝိုင်းစဉ်းစား ကြတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကတော့ နောက်ကြောင်းကို သိပ်မကြည့်ကြတော့ဘူးလို့ ပြောခဲ့ကြပြီးပြီ၊ အနာဂတ် နိုင်ငံတော်က ဥရောပ အသီးအသိုင်းအဝိုင်းထဲမှာ ပါမယ်။ ဒီမိုကရေစီနိုင်ငံ ဖြစ်ရမယ်။ ဒီမိုကရက်ဖြစ်မယ်။ အထက်အောက် ပုံစံမျိူးနဲ့ မသွားဘူး စတဲ့ပုံစံမျိူးတွေကိုတော့ အကြမ်းဖျင်းတွေ ပြောဖြစ်ကြတယ်။

မြန်မာပြည်က ကျွန်တော့်မိတ်ဆွေတွေကို ကျွန်တော်ပေးချင်တဲ့ အကြံဉာဏ်ကတော့ ကျွန်တော်တို့တွေသည် အတိတ်ကိစ္စတွေမှာ ကောင်းတဲ့ လူတွေလည်း ရှိတယ်။ ဆိုးတဲ့ လူတွေလည်း ရှိတယ်။ သူရဲကောင်းဆန်တဲ့ လူတွေလည်း ရှိမယ်။ အတိတ်နဲ့ ပတ်သက်တာတော့ အားလုံး ပြီးခဲ့ကြပြီ၊ လုပ်ခဲ့ပြီးကြပြီ ဆိုတာမျိူး၊ အတိတ်နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းကို ထားခဲ့ကြတာမျိုးနဲ့၊ ဒီနေ့ ဒီအချိန်ကာလမှာ ငါတို့သည် ဘာလုပ်ကြမလဲဆိုတဲ့ အနာဂတ်ကို မျှော်ရည်ပြီး လက်ရှိအချိန်ကာလမှာ စုရုံး၊ စုစည်းမှု ရယူကြတာမျိူး လုပ်ဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။

ယူကရိန်းအတွေ့အကြုံမှာတော့ ကျွန်တော်တို့တွေဟာ အဆင့် ၂ ဆင့်လောက် လုပ်ခဲ့တယ်။ တစ်ခုက အတိတ်ရဲ့ ကောင်းတာ ဆိုးတာတွေကို အတိတ်ပေါ်မှာပဲ အတိတ်ကို ပြန်တူးဆွတာမျိူးနဲ့ အတိတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်အောင် လုပ်ခဲ့ကြတယ်။

သို့သော် အဲဒီဟာ ပြီးတဲ့နောက် ရှေ့အနာဂတ်ကို ဘယ်လို မျှော်ရီမလဲ ဆိုတဲ့ ခြေလှမ်းကို လက်ရှိ ဒီနေ့ ဒီအချိန် ဒီကာလ ကနေ စဉ်းစားမယ် ဆိုတာမျိူးနဲ့ သွားခဲ့တယ်။

အတိတ်ကိုလည်း ပြန်ကြည့်၊ အနာဂတ်ကိုလည်းသွား ဆိုတာမျိူး ၂ ခုလုံးကို တပြိုင်တည်း လုပ်ဖို့ ဆိုတာဟာ အင်မတန် ခက်ခဲတယ်။ အင်မတန် မလွယ်ကူဘူးလို့ပဲ ကျွန်တော်တို့ ပြောချင်ပါတယ်။

အဲဒီတော့ အတိတ်နဲ့ ပြေလည်မှု ရှိအောင် အားထုတ်ကြပြီးတော့ အနာဂတ် ဘယ်လို မျှော်ရီပြီး သွားမလဲ ဆိုတာမျိုးကို ကျွန်တော် အကြံဉာဏ် ပေးချင်ပါတယ်။
==========

IGOR: အခု ပါမောက္ခ အကြံပြုတာကို ကျေးဇူးတင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်နဲ့ ပတ်သက်လို့ မြန်မာပြည်က လူတွေက ရှင်းတယ်။ အာဏာရှင်စနစ် မလိုချင်ဘူး၊ စစ်တပ်ကို မလိုချင်ဘူး။ သို့သော် ဘာလိုချင်ကြလဲ၊ ဘယ်ကို သွားချင်ကြလဲ ဆိုတဲ့အပေါ်မှာ အတိတ်တွေ ပြန်ကြည့်ပြီး၊ အတိတ်က နာကျဉ်မှုတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်နိုင်သေးတဲ့ အသောမတက်နိုင်သေးတဲ့ မယုံကြည်မှုတွေနဲ့ ကျွန်တော်တို့က တည်နေကြတုန်းပဲ ဆိုတာမျိူး ဖြစ်နေတယ်။

အဲဒီအတွက်ကြောင့်မို့ အခုဆွေးနွေးပွဲကို တက်ရောက်ကြတဲ့ မြန်မာပြည်က မိတ်ဆွေတွေအနေနဲ့ မလိုချင်တာတွေက ဘာလဲ၊ လိုချင်တဲ့ဟာတွေကရော ဘာတွေလဲဆိုတာ သိရှိပြင်ဆင်နိုင်ဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။
========

(ယခုဆောင်းပါး၏ ပထမအပိုင်းကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်)။
https://www.facebook.com/385165108587508/posts/1510787849358556/?d=n

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article