ရန်ကုန်၊ ဇွန် ၃
ဟောင်ကောင်၊ ထိုင်းနဲ့ စင်္ကာပူ ကုန်သည်ကြီးများအသင်းတွေ ပါဝင်တဲ့ စီးပွားရေးအခမ်းအနားတစ်ခုကို မြန်မာ့စစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးပိုင် မြေနေရာမှာ တည်ဆောက်ထားတဲ့ LOTTE ဟိုတယ်မှာ ကျင်းပမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ရှုတ်ချကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ အခမ်းအနားကို ဟောင်ကောင် စီးပွားရေးနဲ့ ကုန်သွယ်ရေးရုံးက စပွန်ဆာအဖြစ် ကူညီပံပိုးတာဖြစ်ပြီး LOTTE ဟိုတယ်မှာ ယနေ့ ဇွန်လ ၃ ရက်နေ့ ကျင်းပခြင်းလည်း ဖြစ်ပါတယ်။
အဆိုပါထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာကတော့ စစ်အာဏာရှင်ရဲ့ ရက်စက်လှတဲ့ ဖိနိုပ်သတ်ဖြတ်မှုတွေကြောင့် တိုင်းပြည်အတွင်း ကစဥ့်ကလျား ဖြစ်နေတဲ့ အခုလိုအချိန်မျိုးမှာ မြန်မာပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက ကျင့်ဝတ်ရှိတဲ့ တာဝန်သိ စီးပွားရေးလုပ်ငန်း တွေကို မျှော်လင့်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဟောင်ကောင်အစိုးရရဲ့ တရားဝင်လက်ရုံးလည်းဖြစ်တဲ့ ဟောင်ကောင်စီးပွားရေးနှင့် ကုန်သွယ်မှုရုံးက အခုပွဲကို ပံ့ပိုးကူညီနေတာကို တွေ့တဲ့အတွက် အထူးစိတ်ပျက်မိတယ်လို့ ထုတ်ပြန်ပြောဆိုထားတာပါ။
ဒါ့အပြင် LOTTE ဟိုတယ်မှာ ကျင်းပတဲ့ ဒီအစည်းမှာ တက်ရောက်တဲ့ မြန်မာဟောင်ကောင် ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရဲ့ ဘုတ်အဖွဲ့ဝင် တွေထဲမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ဟောင်ကောင်ကုမ္ပဏီ Vpower နဲ့ မြန်မာစစ်တပ် စစ်ထောက်ချုပ်ရုံးပိုင် မြေနေရာပေါ်မှာ Sule Square စီမံကိန်းကို လုပ်ကိုင်နေတဲ့ ရှန်ဂရီလာ က ကိုယ်စားလှယ်တွေ ပါဝင်နေတာပါ။
ဒီကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ စီးပွားရေး အကျိုးအမြတ်တွေအတွက် မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေမှာ ငွေကြေးထောက်ပံနေတာဖြစ်တာကြောင့် LOTTE ဟိုတယ်၊ VPower နဲ့ ရှန်ဂရီလာအပါအဝင် အကြမ်းဖက် စစ်တပ်ရဲ့ ရာဇ၀တ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို သပိတ်မှောက်ပြီး၊ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ရုတ်သိမ်းကြဖို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ Justice for Myanmar အဖွဲ့ကလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
NUG ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ အကြမ်းဖက် စစ်တပ်နဲ့ LOTTE ဟိုတယ်အကြား စီးပွားရေးဆက်ဆံမှုတွေဟာ ထင်ရှားလှသလို၊ LOTTE အနေနဲ့ ဟိုတယ်အတွက် မြေငှားရမ်းခတွေကို စစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ပေးဆောင်နေရတာ ဖြစ်တာကြောင့်၊ ဒါဟာ စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် တိုက်ရိုက်တာဝန်ရှိတဲ့ မြန်မာစစ်တပ်ကို ကူညီထောက်ပံနေတာ၊ ပူးပေါင်းဆောင်ရွက်နေတာ လို့ မှတ်ယူရမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီလိုပွဲမျိုးကို LOTTE ဟိုတယ်မှာ ကျင်းပခြင်းဟာ အကြမ်းဖက်စစ်တပ်ကို အကျိုးစီးပွား ဖြစ်စေတာကလွဲပြီး အခြားဘယ်သူ့ကိုမှ အကျိုးအမြတ် ရရှိမှာ မဟုတ်ပဲ ရှုပ်ထွေးမှုတွေကိုသာ ဖြစ်စေလိမ့်မယ်လို့လည်း ဖော်ပြထားပါတယ်။