30 C
Yangon

ပြည်သူ့စစ် PNO က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၁ အိမ်လျှင် ၃၀,၀၀၀ ကျပ် အဓမ္မကောက်ခံနေ၊ ပျူစောထီး ကဲ့သို့ အဖွဲ့ဖွဲ့ရန် လူစာရင်းကောက်ခံ၊ ပအိုဝ်းလူငယ်များ ရွှေ့ပြောင်းလုပ်သားများအဖြစ် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူများနေ

Must read

ရန်ကုန်၊ ဇွန် ၁၇

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO/PNA အဖွဲ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၁ အိမ်လျှင် ငွေကျပ် ၃၀,၀၀၀ ကို အဓမ္မကောက်ခံနေပြီး၊ ပြည်သူ့စစ်ကဲ့သို့ အဖွဲ့ဖွဲ့ရန် လူစာရင်းများ ကောက်ယူနေခြင်းကြောင့် ပအိုဝ်းလူငယ်များသည် ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ လာရောက်သူ နေ့စဉ်များပြားနေကြောင်း ပအိုဝ်းအရေး တက်ကြွလှုပ်ရှားသူ လူငယ်များထံမှ သိရှိရသည်။

“ငွေ ၃၀,၀၀၀ က ကျမတို့ ပအိုဝ်းလူထုအချို့အတွက် အတော်ကို များပါတယ်၊ ကျမတို့က ကုန်စိမ်းတွေ တင်ပို့တာဆိုတော့ အခုလမ်းတွေ ပိတ်နေတော့ ဘယ်သူမှ စီးပွားရေးအဆင်မပြေကြဘူး။ အခု လူတွေစုဆောင်းပြီး စစ်ပညာသင်၊ သိုင်းသင်တန်းတွေ လုပ်နေတော့ နေ့စဉ်နဲ့အမျှ တရက်ကို ရာနဲ့ချီတဲ့ လူငယ်တွေ ရွှေ့ပြောင်းလုပ်သားအဖြစ် ထိုင်းဘက်ကို လာကြတယ်။ တချို့တွေဆို ရောက်လာတယ်၊ တချို့တွေဆို နယ်စပ်မှာ သောင်တင်တယ်၊ တချို့ အဖမ်းခံရတယ်။” ဟု ပအိုဝ်းတက်ကြွလူငယ် နာင်းမို့မို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ထီရိကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် PNA တပ်ဖွဲ့ စခန်းချထားသော ဂိတ်စခန်းကို PDF၊ KNDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မေလ ၁၉ ရက်နေ့တွင် PNA အဖွဲ့က ရပ်မိရပ်ဖအချို့နှင့် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး စစ်ကောင်စီအကူအညီဖြင့် ပျူစောထီးကဲ့သို့ အဖွဲ့ ဖွဲ့စည်းရန်နှင့် ငွေကြေးကောက်ခံရန် ဆုံးဖြတ်ကာ ပြည်သူများထံမှ ငွေကြေးများ ကောက်ခံနေခြင်းဖြစ်သည်။

၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါ အစည်းအဝေးတွင် PNA က အချက် ၈ ချက် တောင်းဆိုခဲ့ပြီး ငွေနှင့် ရိက္ခာထောက်ပံ့ရေးအပါအဝင် အသက် ၃၅ နှစ်အောက် များကို တပ်ဖွဲ့ဝင်များအဖြစ် အင်အားဖြည့်တင်းရန်၊ ၃၅ နှစ်အထက်များကို ရပ်ရွာလုံခြုံရေးအဖြစ် ဖွဲ့ရန် စသည့် အချက်များ ပါဝင်သည်။

“သူတို့ဖြစ်ချင်တဲ့ပုံစံကျတော့ အသက်၁၈ နှစ်နဲ့ ၃၅ နှစ် ကြားကို ပြည်သူ့စစ် တင်းပြည့်အင်အားထဲကို စုဆောင်းဖို့လျာထားခဲ့တယ်၊ အသက် ၃၅ ကနေ ၅၀ နှစ်ကြားကို ရပ်ရွာလုံခြုံရေးအဖွဲ့ ပြန်ဖွဲ့ခိုင်းဖို့လျာထားတာပေါ့။ ကျနော်တို့မှာ လူမျိုးစုတူ အဖွဲ့အစည်းတစ်ခုရဲ့ ကျွန်သဘောက်ဘဝရောက်နေတာကြာနေပါပြီ၊ ‌သူတို့ခိုင်းတဲ့အတိုင်း၊ သူတို့ဖြစ်စေချင်တဲ့အတိုင်း ပြည်သူကို ဒါဆိုဒါ အတင်းလုပ်ခိုင်းတာဟာ ဆယ်စုနှစ်တစ်ခုစာမကရှိပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမှာ သူတို့ရဲ့လက်အောက်ခံ ပီအဲန်အေက ပြည်သူ့အကျိုးဘာလုပ်ပေးနိုင်ခဲ့လဲဆိုတာ မေးစရာဖြစ်ပါတယ်။

အင်အားမရှိတဲ့အချိန်မှာတောင် ပြည်သူလူထုကို သေနတ်နဲ့ထောက်ပြီး ကိုယ်ကျိုးရှာနေတာကို ပြန်တွေးကြည့်ကြဖို့လိုပါမယ်။ အခုအင်အားတည်ဆောက်မယ်ဆိုတော့ ပြည်သူတွေဟာ မိအေးနှစ်ခါနာဘဝကိုရောက်သွားမှာကို တအားစိုးရိမ်မိတယ်၊ ပြည်သူအတွက်ကြည့်ရင် စစ်အင်အားများတာက ကောင်းပါတယ်။ ပြည်သူလူထုကိုမကြည့်ဘဲ စစ်အင်အားများတာကျတော့ ပြည်သူလူထုဟာ အကြောက်တရားအောက်ကို ရောက်သွားမှာပါ၊ ပြည်သူလူထုလည်း ဒါကို လက်ခံဖို့လိုတယ်၊ မဟုတ်ရင်‌တော့ ပအိုဝ်းလူမျိုးဟာ အဖွဲ့အစည်းတစ်ခုရဲ့ လက်အောက်ခံ ကျွန်ဘဝကိုရောက်သွားမှာပါ”ဟု တက်ကြွလှုပ်ရှားသူ ဒေသခံ ပအိုဝ်းလူငယ်တဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ ငွေကြေးကောက်ခံခြင်း၊ PNA အတွက် လူသစ်စုဆောင်းခြင်းများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း၌ပင် တစ်ရွာနှင့် တစ်ရွာ မတူကြောင်း၊ စစ်သင်တန်း မတက်ရောက်ချင်သူ လူငယ်များသည် လူစားထိုးရန် ငှားရမ်းခ ငွေကျပ် သိန်း ၃၀ ခန့် ပေးနေရကြောင်း၊ အဆိုပါ ကိစ္စများကို လူမှုကွန်ရက် သတင်းမီဒီယာများတွင် ဖြန့်ဝေပြောဆိုခြင်းမပြုရန်လည်း PNA က ခြိမ်းခြောက်မှုများ ရှိကြောင်း ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဒေသခံ ပအိုဝ်း လူငယ် ၁ ဦးက ဆိုသည်။

“စာနဲ့ ညွန်ကြားချက် အဆင့်ဆင့်ပို့ပြီး ညွန်ကြားစာတွေကို အွန်လိုင်းစာမျက်နှာမှာ မဖြန့်ဖို့ ခြိမ်းခြောက်တယ်။ တစ်အိမ်သုံးသောင်း ဆိုပေမယ့် ကောက်တာက တနေရာနဲ့ တနေရာ မတူဘူး၊ အချို့ဒေသမှာ တစ်အိမ်ကို ၁၅,၀၀၀ ခွဲ ကောက်တာလည်း ရှိတယ်။ စစ်သားစုဆောင်းတာလည်း တစ်ဒေသနဲ့ တစ်ဒေသ မတူဘူး၊ တစ်ရွမှာာ ၁၅ ဦး ရှိသလို တစ်ရွာ ၈ဦး ၊ ၁၀ ဦးလည်း ရှိတယ်။ တချို့ဒေသမှာ သင့်တော်တဲ့ လူများလို့ ရွာသူကြီးက သတ်မှတ် စာရင်းပေးတာမျိုးရှိသလို တချို့ဒေသမှာ မဲနှိုက်ရတာလည်း ရှိတယ်။ မသွားလိုလို့ တခြားသူတွေကို အစားထိုး ငှားရမ်းရပြီး ပေါက်ဈေးက သိန်း ၂၀၊ ၃၀ ရှိတယ်” ဟုဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ပြည်သူ့စစ် PNO/PNA က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပြင် မောက်မယ်၊ လွှိုင်လင်၊ ပင်လုံ၊ ညောင်ရွှေ၊ အောင်ပန်း၊ ကလော၊ ရပ်စောက်၊ တောင်ကြီးမြို့ရှိ ပအိုဝ်းလူမျိုုးများ နေထိုင်ရာ ကျေးရွာများ ဒေသများတွင်လည်း ငွေ၊ ရိက္ခာနှင့် တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

“အသက်ကြီးပိုင်းတွေကျတော့ PNO ရဲ့ ဝါဒမှိုင်းမိနေတယ်ပေါ့၊ သူတို့က လုံလောက်တဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်ကို မရဘူး။ ကျမတို့ ပအိုဝ်းလူထုတွေက တသက်လုံး အာဏာရှင်ရဲ့ ဖိနှိပ်မှု၊ PNO ရဲ့ ထိန်းချုပ်မှု ဖိနှိပ်မှုအောက်မှာ နေရတာ တအား ကြာခဲ့ပြီဆိုတော့ နေသားကျတဲ့ အနေအထားဆိုတော့ သတင်းအချက်အလက်ဆိုရင်လည်း လုံလုံလောက်လောက်မရခဲ့ဘူး။

PNO သည် ပအိုဝ်းအဖွဲ့ ဟုတ်ပေမယ့်လည်း ပအိုဝ်း တမျိုးသားလုံးကို ကိုယ်စားပြုတာ မဟုတ်ဘူး။ စစ်အာဏာရှင် အမြစ်ဖြတ်ချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ လိုလားတဲ့ လူငယ်တွေစုစည်းပြီး PNO ရဲ့ လုပ်ရပ်တွေကို ကန့်ကွက်ဖို့ လုပ်နေတာတွေ ရှိပါတယ်။ PNO မှ မဟုတ်ဘူး ဘယ်အဖွဲ့ဖြစ်ဖြစ် ပအိုဝ်းလူထုရဲ့ ဆန္ဒကို ဆန့်ကျင်တယ်၊ အခုဖြစ်နေတဲ့ နွေဦးတော်လှန်ရေးလမ်းကြောင်းနဲ့ ဆန့်ကျင်တယ်ဆိုရင် ကျမတို့ ပအိုဝ်းလူငယ်တွေက တရားဝင် ဆန့်ကျင်ကန့်ကွက်ခဲ့တယ်၊ ဆက်ပြီးတော့လည်း လုပ်နေတာတွေ ရှိပါတယ်။” ဟု ပအိုဝ်းတက်ကြွလူငယ် နာင်းမို့မို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

PNO/ PNA အဖွဲ့သည် ၁၉၉၁ ခုနှစ် ဧပြီလ ၁၁ ရက်တွင် စစ်တပ်နှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ပင်လောင်းမြို့များသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ်များဖြစ်သည်။

ဓါတ်ပုံ – PNA က ဒေသခံ သိုင်းဆရာများဖြင့် လူငယ်များကို သိုင်းသင်တန်းပေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article